ပါတီ အချင်းချင်း အပြုတ် မတိုက် အပြတ် မရှင်းသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ တွင် အလျှော့ပေး မည်မဟုတ်ဟု သူရ ဦးရွှေမန်းပြော

ပို့စ်တင်ချိန် - 3/13/2014 07:04:00 PM


နေပြည်တော် ၊ မတ် ၈

ယနေ့နိုင်ငံရေး သည် ပါတီ အချင်းချင်း အပြုတ် မတိုက် အပြတ် မရှင်းဘဲ လုပ်ဖော် ကိုင်ဖက် ကဲ့သို့ သဘော ထား၍ ပူးပေါင်း ဆောင်ရွက် နေသော်လည်း ၂၀၁၅ ရွေး ကောက်ပွဲ ယှဉ်ပြိုင်ရာ တွင် အလျှော့ ပေးသွား မည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြော ကြားသည်။

ပြည်သူ့ လွှတ်တော် အစည်း အဝေး အပြီးတွင် သူရ ဦးရွှေမန်း သည် မီဒီယာ တွေ့ဆုံပွဲ တစ်ခုကို လွှတ်တော် ရုံးခန်းတွင် ကျင်းပခဲ့ပြီး သတင်းထောက် တစ်ဦး မေးမြန်း သော ပါတီ နိုင်ငံရေး သဘောထား နှင့် သက်ဆိုင် သည့် မေးခွန်းကို အထက် ပါ အတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

““အရင်တုန်း က ပါတီ အချင်း ချင်း အပြုတ် တိုက်တယ်။အပြတ် ရှင်းတယ်။ အပြုတ် တိုက် အပြတ် ရှင်းပေ မယ့် ပြုတ်လည်း မပြုတ် ဘူး။ ရှိလဲ ရှိနေတယ်။ အဲဒီ အတွက် ရန်တွေ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ ဟာ အခုလို အခြေအနေ ဖြစ်လာရပါ တယ်။ ဒါကြောင့် မိမိတို့ အလှည့် မှာ ပါတီ အချင်းချင်း အပြုတ် လည်း မတိုက်ဘူး။အပြတ်လဲ မရှင်းဘူး။ ရန်သူလို လည်း သဘော မထား ဘူး။လုပ်ဖော် ကိုင်ဖက်လို သဘော ထားတယ်””ဟု သူရ ဦးရွှေမန်း က ဆိုသည်။

ယခင်က မြန်မာနိုင်ငံ ၏ ပါတီ နိုင်ငံရေး သည် ပါတီ တစ်ခုနှင့် တစ်ခု အကြား ပါတီ ရှင်သန်ရေး အတွက် ကြိုးစား ဆောင်ရွက် ရာတွင် အပြုတ် တိုက် အပြတ်ရှင်း သည့် လမ်းစဉ် ကို ကျင့်သုံး ခဲ့သောကြောင့် နိုင်ငံ အတွင်း မတည်ငြိမ်မှု များ ဖြစ်ပေါ် ခဲ့ပြီး၊ ယနေ့ အရပ်သား အစိုးရ လက်ထက် တွင်မူ ပါတီများ အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို အခြေခံ၍ ပါတီ အချင်းချင်း သင့်မြတ်ရေး နှင့် ပူးပေါင်း ဆောင်ရွက် ရေး ကို ဦးစားပေး ဆောင်ရွက် နေ ကြောင်း ၎င်းက ဆက်ပြောသည်။

““ရွေးကောက်ပွဲ ကျလို့ ရှိရင် တော့ သူတို့က လည်း အနိုင်လုပ်မှာ ပဲ။ အလျှော့ပေးမှာ မဟုတ်ဘူး။ကိုယ်က လည်း အနိုင်ရ အောင်လုပ် မှာပဲ။ ဒါပေမဲ့ လုပ်တဲ့ အခါမှာတော့ တရားမျှတပြီး သန့်ရှင်း တဲ့ပြိုင်ဆိုင်မှု ဒီလိုပဲ ဖြစ်ရမယ်။ မှန်ကန် သင့်မြတ် တာပဲလို လားတယ်။ ဒါကြောင့် ပါတီ တွေက အနိုင် ရအောင် ကြိုးစားတယ်။ လွှမ်းမိုး အောင် ကြိုးစားတယ် လို့ပြောကြ တယ်။ သို့ပေမယ့် တရား သဖြင့် ဥပဒေ အရ ဆောင်ရွက် သွား မယ်။ ဒါ နိုင်ငံရေးပဲ””ဟု သူရ ဦးရွှေမန်း က ဆက်ပြောသည်။

ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် မြန်မာ့ ပါတီ နိုင်ငံရေး တွင် အာဏာရ ပါတီ တစ်ခု အဖြစ် ရပ်တည် လျက်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း အောင်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို ပါတီအတွင်း ဆောင်ရွက် နေကြသည်။ ထို့ပြင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဦးဆောင် ပါတီတစ်ခု အဖြစ် ရပ်တည်နိုင် အောင် ကြိုးစား သွားမည် ဟု ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် နေသော သူရ ဦးရွှေမန်း က ပါတီဝင်များ ကို တိုက်တွန်း ထားသည်။

၂၀၁၀ ရွေးကောက်ပွဲ တွင် အနိုင် ရခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသည် လက်ရှိ အချိန်တွင် လွှတ်တော် နိုင်ငံရေး၌ လည်းကောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့များ ၌ လည်းကောင်း နေရာ အများဆုံး ရရှိထားသော နိုင်ငံရေး ပါတီ တစ်ခုဖြစ်သည်။


Messenger News Journal