စပွန်ဆာဝင်ငွေမှ တစ်နှစ် ဒေါ်လာတစ်သန်းခွဲကျော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရရှိနေ

ပို့စ်တင်ချိန် - 3/13/2014 07:43:00 PM


ဆုအောင်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စပွန်ဆာဝင်ငွေမှ ဒေါ်လာ တစ်သန်းခွဲကျော်ရရှိနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ်္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် အဖွဲ့အစည်းအသီးသီး၏ ဘောလုံးနှင့် ပတ်သက်၍ ပေး ထားသည့် စပွန်ဆာများအပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အတွက်လည်း Titel–Sponsor နှင့် Co- Sponsor များ၊ ရုပ်သံမူပိုင်ခွင့်များမှ ၀င်ငွေများရရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာဝင်ငွေရရှိမှုနှင့် ပတ်သက်၍ ဦးစိုမိုးကျော်က “ဘောလုံးအဖွဲ့ချုပ် က နှစ်စဉ် MNL လိဂ်အနေနဲ့ရတဲ့ စပွန်ဆာနဲ့ MFF အနေနဲ့ ရတဲ့စပွန်ဆာဆိုပြီး ရှိပါတယ်။ ဖီဖာက သက် ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကိုပေးတဲ့ တစ်နှစ်ဒေါ်လာ နှစ်သိန်းခွဲနဲ့ပေါင်းလိုက်ရင် အဖွဲ့ချုပ်ရဲ့ စပွန်ဆာ ၀င်ငွေက တစ်နှစ်ကို ဒေါ်လာတစ်သန်းခွဲကျော်လောက် ရှိပါတယ်။ အတိအကျ မဟုတ်ပေမယ့် ဒေါ်လာ နှစ်သန်းတော့ မကျော်ပါဘူး။ ဒီလို စပွန်ဆာဝင်ငွေ တွေရနေပေမယ့် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီငွေကြေး နဲ့ သီးသန့်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ရွေးစင်အသင်းနဲ့ သက်တမ်းအလိုက်အသင်းတွေ နိုင်ငံ တကာ ပြိုင်ပွဲဝင်တာ၊ ပြည်ပနိုင်ငံတွေမှာ ပူးတွဲလေ့ကျင့်မှုတွေ သွားလုပ်တာ စတာတွေအတွက် ကုန်ကျ နေတာက တစ်နှစ်ကို ဒေါ်လာလေးသန်းခွဲနဲ့ ငါးသန်းကြားမှာ ရှိပါတယ်။ အဲဒီတော့ အဖွဲ့ချုပ်အနေနဲ့ တစ် နှစ်ကို ဒေါ်လာနှစ်သန်းခွဲကျော်ကျော်လောက် အမြဲတမ်း အနုတ်ပြနေပါတယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါ မီဒီယာဒါရိုက်တာက မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် အခြား နိုင်ငံများကဲ့သို့ ဘောလုံး အဖွဲ့ချုပ်အား ထောက်ပံ့မှုပေးရန်လည်း မျှော်လင့်ကြောင်း ဆိုခဲ့သည်။ “အခြားနိုင်ငံက အစိုးရတွေမှာဆိုရင် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေကို တစ်နှစ်ကို ထောက်ပံငွေ ဘယ်လောက်ဆိုပြီး ပေးတာမျိုးတွေ ရှိပါ တယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလို မရှိသေးပါဘူး။ အစိုးရသစ်တက်ပြီးနောက် ၂၀၁၁က နေပြည်တော် မှာကျင်းပတဲ့ စာတမ်းဖက်ပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကိုယ်တိုင် တက် ရောက်ခဲ့ပြီး အစိုးရဘက်ကလည်း ဘောလုံးအားကစား တိုးတက်ဖို့ ကူညီထောက်ပံ့မယ်လို့ ပြောထား တာတော့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Mizzima Burmese