နိုင်ငံတကာသတင်းတို

ပို့စ်တင်ချိန် - 3/13/2014 07:43:00 PM


ဆန္ဒပြပွဲအတွင်း ကျောင်းသားခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရ

ဗင်နီဇွဲလားနိုင်ငံ ဆန္ဒပြပွဲအတွင်း ပွင်းလင်းစွာ ပြောဆိုဝေဖန်တတ်သည့် ဆန္ဒပြကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဒန်နီရယ်တီနိုကိုမှာ ဆန္ဒပြပွဲအတွင်း သေလုမျောပါး ပစ်ခတ်ခံခဲ့ရသည်ဟု ဆန်ခရစ္စတို ဘယ်မြို့တော် တက္ကသိုလ်၏ အာဏာပိုင်များက ပြောကြားလိုက်သည်ဟု မတ်လ ၁၂ ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တာတာ လူမျိုးများ မောင်းထုတ်ခံရမည်ကို စိုးရိမ်နေ

ကရိုင်းမီးယားဒေသသို့ ရုရှစစ်တပ်များ ရောက်ရှိလာခြင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ပြည်နှင်ဒဏ်ပေးခံခဲ့ ရသော ကရိုင်းမီးယား တာတာများအတွက် အနာဟောင်းတစ်ခုအား ဆွပေးလိုက်ခြင်းပင် ဖြစ်နေသည်ဟု မတ်လ ၁၂ ရက် ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုအခါ ကရိုင်းမီးယားကို ရုရှကသိမ်း ပိုက်ထားသောကြောင့် တာတာများမှာ မွေးရပ်မြေမှ နောက်တစ်ကြိမ် နှင်ထုတ်ခံရမည်ကို စိုးရိမ်နေကြ သည်။

ကရိုင်းမီးယားဒေသလွတ်လပ်ရေးအတွက် ဆုံးဖြတ်

ကရိုင်းမီးယားဒေသကို ယူကရိန်း အုပ်ချုပ်မှုအောက်မှ လုံးဝလွတ်လပ်ရေးအတွက် ရုရှလိုလားသော လွှတ်တော် အမတ်များက မဲပေးဆုံးဖြတ်ခဲ့ကြသည်ဟု မတ်လ ၁၂ ရက် ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရုရှနှင့် ပေါင်းစည်းနိုင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲမပြုလုပ်မီ ယခုကဲ့သို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်း၌ ရုရှနိုင်ငံအား ယခုသီတင်းပတ်အတွင်း အစောဆုံးထားကာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် ပြင်သစ်နိုင်ငံမှ ပြောဆိုထားသည်။

မော်လ်ဒိုက် ဒီမိုကရေစီအား အမေရိကန်ဝေဖန်

တရားရုံးချုပ်အား မထီမဲ့မြင်ပြုမှုဖြင့် မော်လ်ဒိုက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးအား တရားရုံးချုပ် က ရာထူးမှ ဖြုတ်ချကာ ဆိုင်းငံ့ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ခြင်းအား အမေရိကန်မှ ပြစ်တင်ဝေဖန် လိုက်သည်ဟု မတ်လ ၁၂ ရက် ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်အိန္ဒိယက ဘူတန်ကို ချေးငွေပေး

ဘူတန်ပြည်သူများ၏ လူနေမှုဘ၀ကို တိုးတက်စေမည့် အရေးပါသော အကြီးစား စီမံချက်များ ပြုလုပ်နိုင် ရေးအတွက် ဘူတန်နိုင်ငံ၏ ငါးနှစ်တာစီမံကိန်းအတွက် ရူပီး ၈ ဒသမ ၅ ဘီလီယံခန့် ထောက်ပံ့ပေးသွား ရန် အိန္ဒိယနိုင်ငံမှ သဘောတူညီလိုက်သည်ဟု မတ်လ ၁၂ ရက် သည်တိုင်းအော့ဖ်အိန္ဒိယ သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

Mizzima Burmese