တစ်နိုင်ငံလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ရှစ်သိန်းခွဲကျော် ရှိဟုဆို

ပို့စ်တင်ချိန် - 3/13/2014 01:04:00 PM



နေပြည်တော်၊ မတ် ၁၂

လူဦးရေ ပေါက်ကွဲမှုနှုန်း မြင့်တက်နေသော နိုင်ငံ သုံးနိုင်ငံ အကြား တည်ရှိသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ဦးရေ ရှစ်သိန်းခွဲကျော် ရှိနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းဇယားများကို ကိုးကား၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစောမော်ထွန်းက ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက် နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအရေအတွက်မှာ ဧည့်နိုင်ငံသား လက်မှတ် ကိုင်ဆောင်သူထက် အဆ နှစ်ဆယ်ကျော် များပြားနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းများကို ကိုးကား၍ ၎င်းကဆိုသည်။

အဆိုပါ အရေအတွက်သည် ယင်းဧည့်နိုင်ငံသား များကို နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးထားသည့် အရေအတွက် ထက်လည်း ခုနစ်ဆခန့် များနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

နိုင်ငံသား စိစစ်ရေးလက်မှတ်၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်တို့ကို ပုံမှန်စိစစ် ထုတ်ပေးနိုင်ခြင်း မရှိခြင်းကြောင့် ယင်းကဲ့သို့ White Card ကိုင်ဆောင်သူ ဦးရေ များပြားနေခြင်း ဖြစ်သည်ကို ဥပဒေကြမ်း ကော်မတီက လေ့လာ တွေ့ရှိရကြောင်း ဦးစောမော်ထွန်းက ဆိုသည်။

ယာယီသက်သေခံ လက်မှတ် ဆိုသည်မှာ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအရ သက်သေခံ ကတ်ပြား တစ်ခုခုအစား မည်သူမည်ဝါ ဖြစ်ကြောင်း အချိန်ကာလ ပိုင်းခြား သတ်မှတ်ချက်ဖြင့် ထုတ်ပေးသည့် လက်မှတ်ဖြစ်ပြီး အဆိုပါ လက်မှတ်ကို ယခင်က ပုံစံစာရွက်ဖြင့် ထုတ်ပေးခဲ့သော်လည်း ပျက်စီးလွယ်ခြင်း၊ ကိုင်ဆောင် ထိန်းသိမ်းရန် ခက်ခဲခြင်းများကြောင့် အဖြူရောင် ကတ်ပြားဖြင့် ပြောင်းလဲ ထုတ်ပေးရာမှ White Card ဟု အသုံးတွင်ကျယ် ခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly