ပင့်သက်များစွာဖြင့်သာ

ပို့စ်တင်ချိန် - 3/13/2014 03:23:00 PM


‪#‎emg_opinions‬
(Written by: ဖြိုးဝေ)

မြင်ကွင်း ၁

နေကျဲကျဲပူနေသော လမ်းမထက်တွင် အသက် ၂၀ ၀န်းကျင်ခန့် အမျိုးသမီးငယ်နှစ်ဦး စကားပြောရင်း လမ်းလျှောက်လာနေသည်။ သူမတို့လက်ထဲတွင် ကြွပ်ကြွပ်အိတ် တစ်ယောက်တစ်လုံးစီနှင့်။ အပေါ်စီးက ကြည့်နေသော်လည်း နီးလာသည့်အခါတွင်မတော့ သူမတို့နှစ်ယောက် ပြောလာသည့်စကားကို ကွဲကွဲပြားပြား ကြားလိုက်ရသည်။ ‘ဘုန်းကြီးကျောင်းက ဒီလိုသွားတောင်းလိုက်တော့ နေ့လယ်စာထမင်းဖိုး မကုန်တဲ့အပြင် ရတဲ့လုပ်အားခကို အိမ်အတွက် သုံးနိုင်တာပေါ့’ ဆိုသော စကားပင်ဖြစ်သည်။ ဘုန်းကြီးကျောင်းမှ တောင်းလာသည့် ထမင်းထုပ်လေးကိုကိုင်ရင်း စကားပြောနေသည့် အမျိုးသမီးငယ်နှစ်ဦးသည် ကျွန်တော်နေထိုင်ရာ နေရာမှ တစ်လမ်းကျော်တွင် ဆောက်လုပ်နေသည့်တိုက်မှ ပန်းရန်သမများ ဖြစ်သည်။ ထိုသို့ ပြောနေရင်း ရုတ်တရက် မော့ကြည့်သော သူမတို့အကြည့်သည် ကျွန်တော့်ထံသို့ စူးစိုက်လာခဲ့သည်။ ရွယ်တူလူငယ် တစ်ယောက်က သူမတို့ပြောနေသည့် စကားကို အသေအချာ ကြားသွားမှန်း သိသဖြင့် ရှက်ရွံ့သွားသော မျက်နှာသည် ကျွန်တော့်အတွက် စိတ်မကောင်းစရာ အမှတ်ရစရာ မမေ့နိုင်သည့် မြင်ကွင်းပင်ဖြစ်သည်။

မြင်ကွင်း ၂

မွန်းတည့် ၁၂ နာရီခန့် အချိန်ဖြစ်သည်။ နေကျဲကျဲပူနေသည့် အကာအရံမရှိသော နေရာအောက်တွင် လူငါးဦးခန့် ထိုင်နေသည်။ သူတို့၏ မျက်ဝန်းအစုံတွင် တစ်စုံတစ်ရာကို မျှော်လင့်နေသည့် မျက်ဝန်းတွေနှင့်။ အနည်းငယ် ညစ်နွမ်းနေသည့် အ၀တ်အစားများ ၀တ်စားထားသူများ ပါသလို ခပ်လတ်လတ် အ၀တ်အစားကို ၀တ်ဆင်ထားသူလည်း ပါဝင်သည်။ မကြာပါ သပိတ်တစ်လုံးကို ကိုင်ဆောင်ထားသော သံဃာတော်တစ်ပါး ထွက်လာသည်။ သံဃာတော်၏ သပိတ်အတွင်း၌ ဆွမ်းစား၍ပိုသော ဆွမ်းဟင်းများနှင့်။ သံဃာတော်က ထမင်းများကို ဟထားသော အိတ်ကိုယ်စီထဲ ထည့်ပေးလိုက်သည်။ ရှေ့ဆုံးမှ နှစ်ယောက်က ထမင်းထုပ်လေးကိုကိုင်ရင်း ‘ဒီလိုလာယူလိုက်တော့ ရတဲ့နေ့တွက်ခက ဆန်ဖိုးလေး ပိုထွက်လာတာပေါ့’ ဆိုသော တိုးသဲ့သဲ့စကားသံအား နားမစွင့်ပါဘဲ ကြားမိလိုက်ပြန်သည်။

မြင်ကွင်း ၃

တောင်ဒဂုံမြို့နယ်၊ ၈၈ ရပ်ကွက်ရှိ လမ်းကြားတစ်ခုအတွင်း ကလေးငယ်များနှင့် လူကြီးငါးဦးခန့် ပါဝင်သည့် လူတစ်စုက တစ်စုံတစ်ဦးအား ၀ိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ ထိုနေရာကိုရောက်အောင် သွားကြည့်တော့ ထမင်းနှင့်ဟင်းများပါသည့် ပလတ်စတစ်ဇလုံကြီးကို ကိုင်ထားသော ဆရာတော်အား ၀ိုင်းရံထားခြင်းဖြစ်သည်။ ဆရာတော် ထည့်ပေးလိုက်သည့် ထမင်းထုပ်လေးကို ကိုင်ရင်းထွက်လာသည့် ကျောင်းစိမ်းဝတ် ကလေးမလေးအား မေးကြည့်မိတော့ ‘သမီးက သုံးတန်းတက်နေတာ၊ အခုက နေ့လယ်စာ လာယူတာ။ အဖေနဲ့အမေက အလုပ်သွားတယ်။ အိမ်မှာက ထမင်းမချက်ဘူး။ နေ့လယ်စာက ဘဘုန်းဆီမှာပဲ လာယူတယ်’ ဟု ဖြေရှာသည်။

အဆိုပါ မြင်ကွင်းများမှ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ မြို့နယ်အချို့တွင် ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းများဖြစ်သည်။

အဆိုပါမြို့များတွင်ပင် ဤသို့တွေ့ကြုံနေရသည် ဆိုပါက ဆင်းရဲမွဲတေမှုမြင့်မားသည့် မြို့နယ်များတွင် ဆိုပါက ...။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့၍ သေဆုံးသည့် သတင်းများကိုတော့ မှုခင်းစာမျက်နှာများ၊ သတင်းဂျာနယ်များတွင် မကြာခဏ ဖတ်နေရလေ့ရှိသည်။ ထိုအချက်များကြောင့် မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် အနိမ့်ဆုံး ဖြစ်နေလေသည်။

မြန်မာနိုင်ငံ၏ လက်ရှိဆင်းရဲမွဲတေမှုနှုန်း မြင့်မားသည့် ကွာဟချက်၌ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်ပြည်နယ်များတွင် အမြင့်ဆုံးဖြစ်နေပြီး လူဦးရေထူုထပ်သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည်။

ထိုနည်းတူ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အစိုးရသစ်လက်ထက် နောက်ဆုံးနှစ်တွင် ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခါအားလျော်စွာ ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် မကြာခဏ ထည့်သွင်းပြောဆိုသည်။

သို့သော် အဆိုပါနှုန်းထားများမှာ ခန့်မှန်းနှုန်းထားများသာ ဖြစ်နေပြီး အတိအကျ စာရင်းကောက်ခံမည် ဆိုပါက ဆင်းရဲမွဲတေမှုနှုန်းမှာ ၂၆ ရာခိုင်နှုန်းထက် ပိုမိုများပြားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှု အသင်းချုပ်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါ ဆင်းရဲနွမ်းပါးသည့် မြို့နယ်များအပြင် ကျန်သော မြို့နယ်များနှင့် မြန်မာနိုင်ငံရှိ မြို့နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများ၏ တစ်ဦးချင်းဝင်ငွေမှာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သူများ၏ တစ်ဦးချင်းဝင်ငွေထက် အဆများစွာ မြင့်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးစစ်တမ်းတွင် ရန်ကုန်မြို့မှာ ၂၃ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုခဲ့သည်။

ထိုကဲ့သို့ ၀င်ငွေနှုန်းမြင့်မားသည့် ရန်ကုန်မြို့ရှိ ပြည်သူများသည်ပင် အစားတစ်လုတ်အတွက် တွက်ချက်၍ ရုန်းကန်နေရသည်ဆိုလျှင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့နယ်များရှိ ပြည်သူများဆိုပါက မည်မျှအထိ ခက်ခဲနေမည်နည်း။

အစိုးရသစ်လက်ထက်တွင် လက်ရှိနေထိုင်မှုစရိတ်မှာ ယခင်စစ်အစိုးရ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ထက် သုံးဆကျော်ခန့် မြင့်မားနေသည်။ စားသောက်စရိတ်များ ခရီးစရိတ်များမှာလည်း ထိုနည်းနှင်နှင်ပင်။ စားဝတ်နေရေးဟု ဆိုရာတွင် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်တွင် အစိုးရ၀န်ထမ်းများအား လစာတိုးမြှင့်မှုနှင့် ထပ်ဆောင်းငွေများကြောင့် ပြေလည်သည်ဟု ဆိုနိုင်သော်လည်း ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ၀န်ထမ်းများမှာမူ လစာတိုးမြှင့်မှု နည်းပါးနေသည်။ ပုဂ္ဂလိက ၀န်ထမ်းများ၏ လစာတိုးမြှင့်မှုကို ချိန်ဆမည်ဆိုပါက လွန်ခဲ့သည့် သုံးနှစ်ခန့်အချိန်နှင့် လက်ရှိအချိန်၏ အခြေခံလစာမှာ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ တိုးမြင့်ခဲ့သည်။

ယခုလည်း ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပါဦးမည်။ အနိမ့်ဆုံး လုပ်ခလစာ မသတ်မှတ်နိုင်သေးသည့်အပြင် နှစ်စဉ်လစာ၊ လစဉ်လစာတိုးမြှင့်မှု နည်းပါးသည့် ပုဂ္ဂလိက၀န်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ၊ နေထိုင်မှုစရိတ်များအား အလူးအလဲ ရင်ဆိုင်ရပေဦးမည်။

မည်သို့ပင်ဆိုစေကာမူ စားဝတ်နေရေးအတွက် မည်မျှပင် ခက်ခဲနေသည်ဖြစ်စေ၊ ဆင်းရဲမွဲတေမှုနှုန်းအား လျှော့ချရန် လုပ်ဆောင်နေသည်ဆိုကာ လျှော့ချနိုင်မှု မရှိသည်ဖြစ်စေ သာမန်ပြည်သူများသည်ကား စားဝတ်နေရေးအတွက် ပင်ပန်းစွာ ရုန်းကန်ရင်း စားဝတ်နေရေး ဖူလုံရန်အတွက် ခက်ခဲစွာ အသက်ဆက်နေရဦးမည်ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲနှင့် ဆင်းရဲမွဲတေမှုနှုန်းအား နှုတ်ဖျားမှ လျှော့ချနေခြင်းထက် အမှန်တကယ် လျှော့ချနိုင်ရန် လုပ်ဆောင်သော တစ်နေ့အား အမြန်ဆုံး ရောက်လာပါစေဟု ပြည်သူများကိုယ်စား ဆုတောင်းရင်းဖြင့်သာ။

Eleven Media Group