ရော့ကတ်ဖြင့် တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အစ္စရေး လေယာဉ်များ ဂါဇာသို့ တိုက်ခိုက်

ပို့စ်တင်ချိန် - 3/13/2014 03:24:00 PM



ဂါဇာမှ အစ္စရေးသို့ ရည်ရွယ်ပစ်ခတ်သည့် ရော့ကတ်၏ မီးခိုးမျှင်တန်းကို ဂါဇာမြို့တွင် တွေ့ရစဉ်

မတ်လ ၁၃။

ဗုဒ္ဓဟူးနေ့က အစ္စလာမ်မစ် ဂျီဟတ် ရော့ကတ်များ အစ္စရေးသို့ တိုက်ခိုက်ခဲ့မှုအတွက် ဂါဇာ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ပစ်မှတ် ၂၉ ခုကို အစ္စရေးလေယာဉ်များမှ တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာမှ ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင် ဒေသနှင့် နယ်စပ် ဖြတ်ကျော်ခြင်းကိုလည်း ပိတ်ထားခဲ့ကြောင်း သိရှိရသည်။ စစ်သွေးကြွများသည် အစ္စရေး တောင်ပိုင်းသို့ ရော့ကတ်ပေါင်း ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်များမှ ပြောဆိုခဲ့သည်။ ပစ်ခတ်မှုများထဲမှ ၅ ခုမှာ လူနေမြို့ပြ ဧရိယာသို့ ထိမှန်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ အခြားသော ရော့ကတ်များကို အစ္စရေး၏ သံကွန်ချာ ဒုံးကျည် ကာကွယ်ရေးစံနစ်မှ ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။

ဂါဇာတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နောက်ပိုင်းတွင် .ယခု တိုက်ခိုက်မှုမှာ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။

အင်္ဂါနေ့က အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ လူသုံးယောက် သေဆုံးခဲ့မှုကို တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့မှ ပြောဆိုခဲ့သည်။

အစ္စရေး အနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မည့် မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုမှ သတိပေး ပြောဆိုသွားသည်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှု ၁၀ ခုခန့်သည် ကမ်းခြေတစ်လျှောက် အစ္စလာမ်မစ် ဂျီဟတ်မှ လုပ်ကိုင်ဆောင်ရွက်နေသည့် နေရာများနှင့် ဟားမတ်စ်အဖွဲ့မှ အက်ဆီဒင်းအယ်လ်ကာဆမ် တပ်ဖွဲ့များကို ထိမှန်ခဲ့သည်။

“ တုံပြန်တိုက်ခိုက်မှုတွေက လျင်လျင်မြန်မြန်နဲ့ ထိရောက်မှု ရှိခဲ့ပါတယ်။ အကြမ်းဖက်မှုတွေအတွက် လေ့ကျင့် အကောင်အထည်ဖော် လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ် ” ဟု ဒုတိယ ဗိုလ်မှုးကြီး ပီတာလာနာမှ ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

၂၀၁၂ တိုက်ခိုက်မှု နောက်ပိုင်းတွင်း အီရန်မှ ကျောထောက်နောက်ခံပြုသည့် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့နှင့် အခြားသော အဖွဲ့များသည် အစ္စရေးသို့ ရော့ကတ်များ မော်တာများဖြင့် ပစ်ခတ်မှုများကို ရံဖန်ရံခါ ပြုလုပ်ခဲ့သော်လည်း ဟားမတ်စ် အဖွဲ့မှမူ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း မရှိပေ။ သို့ရာတွင် အစ္စရေး စစ်ဘက်ဆိုင်ရာ ကြေငြာချက်များတွင် ဟားမတ်စ်အနေဖြင့် အားလုံးသော တိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း ထုတ်ပြန်ထားခဲ့သည်။

အစ္စရေး တပ်ဖွဲ့များကို ဂါဇာကမ်းမြောင် ဒေသမှ ၂၀၀၅ ခုနှစ်တွင် ဆုတ်ခွာခဲ့ပြီးနောက်တွင် ဟားမတ်စ်အဖွဲ့မှ အုပ်ချုပ်မှု ပြုခဲ့သည်။ သို့ရာတွင် အစ္စရေးမှ ရေကြောင်းနှင့် လေကြောင်း ပိတ်ဆို့မှုများကို ဆက်လက် ထားရှိခဲ့ပြီး နယ်ခြားတစ်လျှောက်တွင် လူများနှင့် ကုန်ပစ္စည်းများ စီးဆင်းဖြတ်သန်းမှုကို ကန့်သတ်ထိန်းချုပ်ထားခဲ့သည်။

REF: BBC
myanmar age