ယနေ့ခေတ် ယနေ့အခါမှာ လေယာဉ်တစ်စင်းလုံး ပျောက်ဆုံးသွားနိုင်သလား

ပို့စ်တင်ချိန် - 3/13/2014 07:17:00 PM


လမ်းဘေးတစ်နေရာကနေ 911 ကိုဖုန်းခေါ်လိုက်ပါ။ တည်နေရာ ညွှန်ပြနိုင်တဲ့ GPS(Global Positioning System) ဂြိုလ်တုရဲ့ အထောက်အပံ့နဲ့ အကူအညီပေးမယ့်သူတွေ အချိန်တိုအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။

Wifi ချိတ်လိုက်တယ်ဆိုရင်ပဲ မြန်မာနိုင်ငံကနေ အင်တာနက်သုံးနေသလား၊ အမေရိက ကနေ သုံးနေသလားဆိုတာ Google ကသိတဲ့အပြင်၊ ဘာစားရမှန်းမသိရင် အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်စာရင်းတောင် ရှာလို့ရပါတယ်။

ဒါလောက်ကြီး မြန်ဆန်တိကျနေတဲ့ခေတ်မှာ ခရီးသယ် ၂၂၇ ယောက်၊ လေယာဉ်ဝန်ထမ်း ၁၂ ယောက်လိုက်ပါတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်အမှတ် MH370 ဘိုးရင်း 777-20 ER တစ်စင်းလုံး အစအန ရှာမရနိုင်သေးဘူးဖြစ်နေတာ ယခုခေတ်နည်းပညာတွေ တိုးတတ်တယ်ဆိုပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ လက်ခံရပါလိမ့်မယ်။

လေယာဉ် ယာဉ်ကြောထိန်းသိမ်းသူတွေဟာ
ရေဒါကတဆင့် လေယာဉ်ရဲ့ ရွေ့လျားမှုကို စောင့်ကြည့်ပြီး ယာဉ်ကြောထိန်းညှိပေးပါတယ်။ ဒါပေမယ့် ရေဒါမှာလည်း စက်ကွင်းဧရိယာကန့်သတ်ချက် ရှိပါတယ်။

ပင်လယ်တစ်ခုရဲ့ အလယ်ဗဟိုမှာ ရေဒါထောင်ထားလို့ အဲဒီပင်လယ်အပေါ် ဖြတ်ပျံတဲ့ လေယာဉ်မှန်သမျှကို ဖမ်းမိမယ်မဟုတ်ပါ။ ဒါ့ကြောင့် ထိန်းချုပ်စခန်းတွေနဲ့ ဆက်သွယ်ဖို့ လေယာဉ်မှူးတွေ
က ရေဒီယိုလှိုင်းကတဆင့် ၂ နာရီခြား၊ ၃နာရီခြား သတင်းပို့ခြင်း(Radio Check-in)စတဲ့ အခြားသောနည်းလမ်းတွေ အသုံးပြုရပါတယ်။

သတင်းပို့ချိန် တစ်ခုနဲ့တစ်ခုအကြားမှာ လေကြာင်းထိန်းသိမ်းရေးစခန်းက သက်ဆိုင်ရာလေယာဉ်ရဲ့ တည်နေရာနဲ့ ဘယ်ကိုဦးတည်
ပျံသန်းနေတယ်ဆိုတာကို အကြမ်းဖျင်းသဘောလောက်သာ သိနိုင်ပါတယ်။

AP ရဲ့ သတင်းဖော်ပြချက်အရဆိုရင် MH370 ဟာ မပျောက်ဆုံးမီ နောက်ဆုံးအချိန်မှာ စစ်ဘက်ဆိုင်ရာ ရေဒါတစ်ခုနဲ့ ဆက်သွယ်မှုရှိခဲ့တယ်လို့ သိရတယ်။ MH370 ဟာ ဗီယက်နမ်လေပိုင်နက်ထဲ ၀င်လုဆဲအချိန်မှာ Transponder (လျှပ်စစ် signal ကို လက်ခံပြီး အလိုအလျှောက် သတင်းပြန် ကိရိယာ) ကနေ သတင်းပေးပို့မှု ပြတ်သွားခဲ့တယ်ဆိုတာကို သိရတယ်။

Transponder ဟာ ရေဒါနဲ့ တွဲဖက်အသုံးပြုတာကြောင့် မပျောက်ဆုံးသေမီအထိ ပင်လယ်ကမ်းနဲ့ သိပ်မဝေးသေးဘူးဆိုတာ ပြောနိုင်ပါတယ်။

အရေးပေါ်အခြေအနေမှာ လေယာဉ်မှူးတွေက Transponder ကတဆင့် အချက်ပြသတင်း ပေးပို့နိုင်ပါတယ်။ တစ်စုံတစ်ယောက်က Transponder အလုပ်မလုပ်အောင် လုပ်လိုက်လေရော့သလား။ ဘာကြောင့် ဒီလိုလုပ်မလဲ။ နောက်တစ်ခါ သတင်းများအရ သုံးသပ်ရမယ်ဆိုရင် 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တုန်းကလို ခရီးသည်တွေဆီက မိသားစုဆွေမျိုးတွေဆီကို(Distress call) ဖုန်းခေါ်တာမျိုးလည်း မရှိခဲ့ပါ။

ရေဒီယိုလှိုင်းနဲ့ သတင်းပေးပို့တာလည်း မရှိ။ ဒါကြောင့် စက်ချို့ယွင်းတာပဲဖြစ်ဖြစ်၊ အကြမ်းဖက်သမားတွေနဲ့ လုံးထွေးသတ်ပုတ်ရတယ်ပဲဆိုဆို သေချာတာကတော့ ဖုန်းခေါ်ဆိုဖို့တောင် အချိန်မရခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။ လျှပ်တပြက်အတွင်းမှာ တစ်ခုခု ဖြစ်သွားသယောင် ရှိပါတယ်။

အမေရိကန် လေကြောင်းလိုင်းများမှ လေယာဉ်များတွင် အရေးပေါ်အခြေအနေတည်နေရာပြသတင်းပို့ကိရိယာ Emergency Locator Transmitter များ တပ်ဆင်ရပါတယ်။

ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အရပ်ဖက်ပျံသန်းရေးအဖွဲ့က ELT များအတွက် သတ်မှတ်စံနူန်းတွေ ရှိပါတယ်။ ကမ္ဘာ့အဆင့်မီလေကြောင်းလိုင်းတွေတိုင်း သူတို့ရဲ့ သတ်မှတ်စံနဲ့ ကိုက်ညီမှုရှိတဲ့ ELT တွေကိုသာ တပ်ဆင်ကြပါတယ်။ MH370 မှာ ELT ပါမပါ မသိရသေးပါ။

အချို့သော လေယာဉ်တွေမှာ လေယာဉ်တွင်း Wifi ထုတ်လွှတ်ပေးပါတယ်။ MH370 မှာ wifi သာရှိနေခဲ့မယ်ဆိုရင် ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေဟာ အင်တာနက်ကွန်ယက်ထဲမှာ ရှိနေမှာဖြစ်တဲ့အတွက် တခြားဆက်သွယ်ရေးကိရိယာတွေ ပျက်စီးသွားခဲ့ရင်တောင် လက်ကိုင်ဖုန်းတွေမှာပါတဲ့ GPS ကတဆင့် တည်နေရာကို အခုသိရတာထက် ပိုသိရနိုင်မယ် မျှော်လင့်ရတယ်။

သို့သော် MH370 မှာ လေယာဉ်တွင်း Wifi ပါရှိပုံမပေါ်ပါ။

နောင်ခေတ်များတွင် လေကြောင်းထိန်းသိမ်းရေးကို ဒုတိယကမ္ဘာစစ်ကာလကတည်းက စတင်အသုံးပြုခဲ့တဲ့ ရေဒါစနစ်နဲ့ ထိန်းချုပ်လုပ်ဆောင်တော့မယ်မဟုတ်ဘဲ ပိုတိကျ၊ စက်ကွင်းဧရိယာ ပိုကျယ်တဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးကြတော့မှာ ဖြစ်တယ်။ လက်ရှိအသုံးတွင်နေတဲ့ ရေဒါ/Transponder ပူးတွဲအသုံးပြုမှုကနေ ဂြိုလ်တု/ADS-B ပူးတွဲအသုံးပြုစနစ်ကို သွားနေကြပြီ ဖြစ်တယ်။

ADS-B ဟာ ရေဒါလိုပဲ လေယာဉ်တည်နေရာကို ကြည့်နိုင် သိနိုင်တဲ့ နည်းပညာသစ်တစ်ခု ဖြစ်တယ်။ ADS-B ပါလေယာဉ်ဟာ ဂြိုလ်တုကတဆင့် တည်နေရာအပါအ၀င် လေယာဉ်ဆိုင်ရာ အခြားအချက်အလက်တွေကို မြေပြင်ထိန်းချုပ်ရေးစခန်းတွေဆီကို အချိန်နဲ့တပြေးညီ ဆက်သွယ်သတင်းပို့နိုင်ပါတယ်။

ADS-B စနစ်ကို ကမ္ဘာ့လေကြောင်းလိုင်း အားလုံး အသုံးပြုလာမယ့်တစ်နေ့
မှာတော့ MH370 လို လေယာဉ်တစ်စင်းလုံး
ပျောက်ခြင်းမလှ ပျောက်သွားတဲ့ အဖြစ်မျိုး ကြုံရတော့မယ် မဟုတ်ပါ။ သမိုင်းမှာ ဘယ်ဆီရောက်မှန်းမသိလိုက်ရတဲ့ လေယာဉ်ပျောက်ဆုံးမှုပေါင်း ၁၀ ခုကျော် ရှိတယ်ဆိုပါတယ်။

ကွာလာလမ်ပူ-ဘေကျင်းခရီးစဉ် ပျံသန်းမယ့် MH370 ဟာ မတ်လ ၈ ရက်နေ့က ထွက်ခွာပြီး ၂နာရီအကြာမှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဒီနေ့ဆို ၅ ရက်ကြာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ ယူဆချက်ပေါင်းများစွာ၊ သို့လောသို့လောပေါင်းများစွာ၊ ၀တ်ပြုဆုတောင်းပွဲများစွာနဲ့ မျှော်လင့်နေကြဆဲပါ။

တောင်တရုတ်ပင်လယ်ပေါ် ဖြတ်သန်းနေတုန်း အဆက်အသွယ် ပြတ်သွာတာဆိုတော့ ပင်လယ်ထဲထိုးကျသွားတယ်သာဆိုရင် ရက်တွေ ကြာလာလေ ပင်လယ်ရေစီးကြောင့် အစရှာရတာ ပို ပိုခက်ခဲလာလေပါပဲ။

လေယာဉ်ပျောက်ဆုံးမှုအတွက် အနည်းဆုံ နိုင်ငံပေါင်း ၈ နိုင်ငံက ၀ိုင်းဝန်းရှာဖွေနေကြပြီး အမေရိကန်ထောက်လှမ်းရေးဂြိုလ်တုက ရရှိတဲ့ ဓါတ်ပုံတွေမှာလည်း ဘာသဲလွန်စမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးပြီး နာရီပိုင်းအတွင်းမှာပဲ လေယာဉ်ပျက်
ကျမှုများတွင် တွေ့ရလေ့ရှိတဲ့ လောင်စာဆီကွက် ၂ ခုကိုဗီယက်နမ်နိုင်ငံတောင်စွန်းပိုင်း တောင်တရုတ်ပင်လယ်တွင်းမှာ
တွေ့ရကြောင်း ဗီယက်နမ်လေတပ်က အတည်ပြုခဲ့ပေမယ့် တခြား ဘာ အစအနမှ မတွေ့ခဲ့ပါ။

တရုတ်အစိုးရအေဂျင်စီတစ်ခုက မတ် ၉ရက်နေ့ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ တောင်တရုတ်ပင်လယ်ထဲမှာ လေယာဉ်ပျက်အစအနလို့ ယူဆရတဲ့ အပိုင်းအစ ၃ ခုကို တွေ့တယ်လို့ ဆိုပြန်တယ်။

သို့ပေမယ့် ယနေ့ထက်ထိတိုင် ဂဃနဏ အတည်မပြု နိုင်ကြသေးပါဘူး ခင်ဗျား။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)