ဟောရင်းမတ်တတ် လျှာပြတ်၍ ပျံတော်မူမည်

ပို့စ်တင်ချိန် - 3/13/2014 03:24:00 PM


(မတ္တရာမြို့နယ်အတွင်း သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူများ မတ် ၁ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်)

#emg_opinions

(Written by: မြမြင့်မိုရ်)

ကုန်းဘောင်ခေတ်မှာ ကဗျာစာဆိုကြီး စလေဦးပုညရေးခဲ့တဲ့ ကဗျာတွေစာတွေ လေးချိုးတွေ တေးထပ်တွေ၊ လင်္ကာစကားပြေနှစ်ထွေရောတဲ့ ၀တ္ထုတွေ၊ မေတ္တာစာတွေ များစွာရှိခဲ့တယ်။ မြန်မာလူမျိုးတွေအတွက်တော့ စာပေအနုပညာ အမွေတွေပေါ့။ အဲဒီအထဲမှာ မေတ္တာစာ တစ်ပုဒ်ထဲက ကဗျာတစ်ပိုင်းတစ်စကို သတိရတယ်။ အကြောင်းအရာက ရဟန်းတစ်ပါးက ဆွမ်းခံတယ်။ ဆွမ်းလောင်းပါမယ့် အကြောင်းတရားက ဟောရသေးတယ်။ ဒါပေမဲ့ တစ်ဖက်က လှူဒါန်းမယ့်ပုဂ္ဂိုလ်က သဒ္ဓါတရားတွေ နည်းလေတော့ ဆွမ်းရမည့် အရိပ်အယောင် မတွေ့ရဘူး။ အဲဒါကို မေတ္တာစာထဲမှာ ထည့်ရေးလိုက်တော့တာပဲ။ “ဟောရင်းမတ်တတ်၊ လျှာပြတ်၍ ပျံတော်မူမည်၊ ဆွမ်းဆန်တစ်စေ့မျှ ထွက်ပုံမပေါ်” ..... တဲ့။ ဆွမ်းခံကိုယ်တော်ရဲ့ ညည်းချင်းပြောပါတော့။ ကိုယ်တွေ့ပဲလား၊ ဖြစ်တတ်တဲ့သဘာဝ သဒ္ဓါဆွံ့တဲ့သူတွေကို အနုပညာနဲ့ ဖွဲ့နွဲ့လိုက်တာလားတော့ မပြောတတ်ပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီကနေ့ အစိုးရရဲ့ မထုံတက်တေးနိုင်မှုတွေ၊ သွေးအေးမှုတွေကို အားမလိုအားမရဖြစ်ပြီး ဒီဆောင်းပါးကိုရေးဖို့ ဖြစ်လာတာပါပဲ။ ပြည်သူတစ်ယောက်ရဲ့ညည်းချင်း ပြောပါတော့။

ဒီကနေ့ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ အစိုးရသစ်ဟာ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာ အစိုးရဖွဲ့တာဆိုတော့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်တဲ့အခါ အစိုးရသက်တမ်း သုံးနှစ်ပြည့်သွားခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင် မတ် ၂ ရက်က တောင်သူလယ်သမားနေ့ဆိုတော့ သမ္မတကြီးက တောင်သူလယ်သမားကြီးတွေဆီ သ၀ဏ်လွှာပို့တယ်။ အဲဒီသ၀ဏ်လွှာမှာ “နိုင်ငံတော်အစိုးရ အနေနှင့် သုံးနှစ်တာ ကာလအတွင်း ရေရှည်အမျိုးသား အကျိုးစီးပွားကို ရှေးရှု၍ ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များအား လုပ်ငန်းစဉ် (၈) ရပ်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၇၀ သော တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် ချမှတ်ပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်” တဲ့။

အဲဒီသ၀ဏ်လွှာကို ၂-၃-၂၀၁၄ ရက် ကြေးမုံသတင်းစာ မျက်နှာစာအဖွင့်ကိုဖတ်ပြီး ဘာပဲဖြစ်ဖြစ် တောင်သူလယ်သမားထုက နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ရှိသည်ဆိုတော့ သူတို့ဘ၀တွေသာ ဖွံ့ဖြိုးတိုးတက်ခဲ့ရင် ကျန်လူဦးရေရာခိုင်နှုန်း ၃၀ မှာ ကျွဲကူးရေပါ အလိုလို ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ သမ္မတကြီးက အဲဒီလိုသ၀ဏ်လွှာပို့ပြီး နောက်နေ့ ၃-၃-၂၀၁၄ ရက် Weekly Eleven News မှာ ကာတွန်းတစ်ပုဒ် ဖတ်ရပါတယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့တဲ့။ တံစဉ်ကိုင်ထားသော လယ်သမားက ပထမဆုံးအကွက်။ ဒုတိယအကွက်မှာ လယ်ထွန်စက်ထွန်နေသော လယ်သမား။ တတိယအကွက်ကျတော့ အပေါ်စာသားက လက်မဲ့လယ်ယာသို့လို့ ရေးထားပြီး အောက်ကကာတွန်းပုံက လက်ထဲမှာ ဘာမှမကိုင်ထားတဲ့ လယ်သမားပုံ။ ဒါဟာ အစိုးရနဲ့ တောင်သူလယ်သမားကြားက ဖြေရှင်းမရသေးတဲ့ မြေယာပြဿနာကြောင့် ဒီလိုဝေဖန်တဲ့ ကာတွန်းပေါ်ထွက်လာတာပဲ။ မြေယာပြဿနာဟာ အစိုးရအတွက်တော့ သွေးမတိတ်တဲ့ဒဏ်ရာ ဖြစ်နေပြီဆိုတာ အသေအချာပဲ။ (ကမ္ဘာ့စာနယ်ဇင်းတွေက အရှေ့အလယ်ပိုင်း ပြဿနာကို သွေးမတိတ်တဲ့ ဒဏ်ရာလို့ ရေးခဲ့ကြဖူးတာ သတိရလို့ ယူသုံးလိုက်တာပါ) သိပ်မကြာခင်က ဂျာနယ်တွေ သတင်းစာတွေမှာ လယ်ယာမြေပြဿနာ တစ်စတစ်စ ကြီးထွားလာလို့ ဆရာစံခေတ်အပြီး ဒုတိယတောင်သူလယ်သမား အရေးတော်ပုံ ဖြစ်တော့မှာလားဆိုတဲ့ မေးခွန်းနဲ့ လယ်သမားအချို့ရဲ့ ရင်ဖွင့်စကားတွေ ဖတ်လိုက်ရပါသေးတယ်။

တောင်သူလယ်သမားတွေနဲ့ အစိုးရကြားမှာ မြေယာပြဿနာ ရှိနေတယ်။ တောင်သူလယ်သမားဆိုတာ မြေယာကို ထွန်ယက်စိုက်ပျိုးသူ ဖြစ်တာကြောင့် မြေယာကို ထွန်ယက်ခွင့်ဆုံးရှုံးရတာတွေ ရှိနေတယ်။ စာရင်းဇယားတွေအရ ပြောရရင် တပ်မတော်က မြေဧကပေါင်း ၃၂၀၀၀၀ ကျော်၊ နိုင်ငံပိုင်နဲ့ စီမံကိန်းတွေ အတွက်က မြေဧကပေါင်း ၄၁၀၀၀ ကျော်၊ မြို့ပြနဲ့ စက်မှုဇုန်တွေအတွက်က မြေဧကပေါင်း ၆၁၀၀၀ ကျော်၊ ပုဂ္ဂလိက စီးပွားရေးသမားကြီးတွေက မြေဧကပေါင်း ၉၀၀၀၀ နီးပါး သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ အခု အစိုးရသက်တမ်း သုံးနှစ်အတွင်းမှာတော့ မြေယာတွေပြန်ပေးတာနဲ့ ဘာနဲ့ အဲဒီအရင်းအတိုင်းတော့ ရှိချင်မှ ရှိတော့မယ်။ ၄-၃-၂၀၁၄ မှာတော့ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို သတ်မှတ်ချိန်အတွင်း အပြီးဖြေရှင်းဖို့ အစိုးရနဲ့လွှတ်တော် ပူးပေါင်းဆောင်ရွက်မယ်လို့ ပါတယ်။ သတ်မှတ်ချိန် ဆိုတာကတော့ မိုးသီးနှံကို ဇွန်၊ ဆောင်းသီးနှံကို စက်တင်ဘာလောက်လို့ ပြောတာပဲ။ တပ်မတော်သိမ်းထားတဲ့ မြေအချို့ဆို တပ်မတော်က ပြန်ပေးတယ်။ မူလပိုင်ရှင်လက် ပြန်မရောက်သေးဘူး။ ပြန်ပေးတာတောင် အဲဒီလိုပြဿနာတွေ ရှိနေတယ်။

ပြီးတော့ လယ်မြေယာမြေတွေ အသိမ်းခံရပြီး လယ်လုပ်စရာမရှိလို့ လယ်တောက လွင့်စဉ်တဲ့လူတွေဟာ မြို့ပြမှာ ရေကြည်ရာ မြက်နုရာရှာဖို့ ရောက်လာကြပြီး မြို့ပြရဲ့ လူနေမှု စရိတ်စကတွေဒဏ် မခံနိုင်လို့ မြို့ပြမြေလွတ်တွေမှာ ကျူးကျော်နေထိုင်ကြရာကနေ လူလည်တွေရဲ့ အလိမ်ခံရတာ၊ အာဏာပိုင်တွေရဲ့ နှင်ထုတ်ခံရတာတွေကြောင့် မြေယာပြဿနာကြောင့် တစ်နွယ်ငင်တစ်စင်ပါ ဖြစ်ကုန်တာလို့ ပြောနိုင်ပါတယ်။

မြေယာပြဿနာဟာ ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာပေါင်းများစွာထဲမှာ ထိပ်ဆုံးက ပြဿနာပါ။ တောင်သူလယ်သမားတွေ မြေသိမ်းခံရတဲ့ ပြဿနာမျိုး မြို့ပြမှာလည်း အိမ်မြေအသိမ်းခံရတဲ့ ပြဿနာတွေရှိတယ်။

ဥပမာ- မြန်မာ့ဂုဏ်ရောင်အိမ်ရာလို ပြဿနာမျိုးပေါ့။ ရေတပ်ကသိမ်းတယ်။ ရေတပ်ကပဲ တန်းလျားမဆောက်ဘဲ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုကို လွှဲတယ်။ အဲဒီဆောက်လုပ်ရေးက အဆောက်အအုံတွေဆောက်ပြီး လူနေဖို့ရောင်းစားတယ်။ မူလပိုင်ရှင်တွေက မြို့ပြင်ကို လွင့်စဉ်သွားတယ်။

မြေယာပြဿနာကို အရင်တုန်းကတော့ ကြိတ်ခံခဲ့ကြရတာပါ။ လယ်သမားတွေဆီက မြေတွေသိမ်းတုန်းက စာချုပ်စာတမ်းလုပ်တဲ့ နေရာလည်း လုပ်ခဲ့ပါလိမ့်မယ်။ အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး တရားမ၀င်ဝင်အောင် လုပ်ခဲ့မှာပေါ့။ လယ်သမားတွေက ဘာသိမှာလဲ။ မြေယာဥပဒေလည်း မသိဘူး။ ပဋိညာဉ် အက်ဥပဒေလည်း မသိဘူး။ ပစ္စည်းလွှဲပြောင်းရေး ဥပဒေလည်း သိမှာမဟုတ်ဘူး။ ငွေနဲ့လက်နက် ကြီးစိုးတဲ့ခေတ်ဆိုတော့ အဲဒါကို အခွင့်ကောင်းယူပြီး ၀ါးမျိုခဲ့ကြတာ။ စီးပွားရေးသမားတွေ သူတို့ရဲ့ ပွဲစားတွေကလည်း အပြောကောင်း အဟောကောင်း၊ နောက်မှာကလည်း အာဏာပိုင်တချို့ရှိမယ်။ ငွေစကြေးစလေးတွေကလည်းပါတော့ တန်၏မတန်၏ မစဉ်းစားနိုင်တော့ဘူး။ ရှေ့ဘာဖြစ်မလဲ မတွေးနိုင်ကြတော့ဘဲ သူတို့မြေကွက်ကလေးတွေကို အဲဒီလူတွေဆီ ယုံမှတ်လို့ ပုံအပ်ခဲ့ကြတာတော့ မြေကြီးလက်ခတ် မလွဲနိုင်ပါဘူး။
ဒါပေမဲ့ အချိန်ဆိုတာ ရပ်နေတာမှ မဟုတ်တာ။ အစိုးရ အပြောင်းအလဲဖြစ်ပြီး ဒီမိုကရေစီ အခွင့်အလမ်းတွေ ပွင့်လာတဲ့အခါ အနှစ်နှစ်အလလ မျိုသိပ်ထားတာတွေ ဖွင့်အန်လာတယ်။ အိုင်တီခေတ် ရောက်လာတာကလည်း ပြောင်းလဲဖို့ တွန်းအားတစ်ခုပေါ့။ ကမ္ဘာကလည်း ကမ္ဘာရွာကြီး ဖြစ်လာတယ်။ နားမျက်စိဖွင့်ပေးတဲ့ လူတွေကြောင့် လူအများစုဟာ အသိဉာဏ် မြင့်မားလာကြတယ်။ စဉ်းစားတွေးခေါ် တတ်လာတယ်။ တရားတာမတရားတာ သိလာတယ်။ အနာဂတ်ကို ပုံဖော်တတ်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အရင်အစိုးရလက်ထက်က လက်သိပ်ထိုးစာချုပ်တွေ ဟိုကဒီက အစထွက်လာတယ်။ ဧရာဝတီမြစ်ဆုံဆည်နဲ့ ကြေးနီတောင် စီမံကိန်းတွေက အထင်ကရပဲ။ လယ်တွေသိမ်း၊ ယာတွေသိမ်း၊ ရွာတွေရွှေ့၊ ဘုရားတွေသိမ်တွေရွှေ့နဲ့။ အဲဒီလိုကိစ္စတွေ အများကြီးပဲ။ သံလွင်မြစ်ပေါ်က ဆည်တွေ၊ ဓာတ်ငွေ့ပိုက်လိုင်းဘေးက လယ်တွေ၊ မြေတွေ မြန်မာနိုင်ငံကို အရှေ့အနောက်ခါးလယ်က ဖြတ်ဖောက်တဲ့ လမ်းမကြီးဘေးက မြေယာတွေ၊ အများကြီးမှ အများကြီးပါပဲ။

အစိုးရအနေနဲ့ သူ့အစိုးရလက်ထက်မှာ ပြည်သူလူထုအတွက် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လွတ်လွတ်ကျွတ်ကျွတ် မစီမံနိုင်ဘဲ အရင်အစိုးရရဲ့ ဆိုးမွေတွေကို ဖြေရှင်းနေရတာနဲ့ ဒုက္ခပင်လယ် ဝေနေရတာ ပြည်သူတွေက သိပါတယ်။ ဘေးကြပ်နံကြပ် ဖြစ်နေတာလည်း သိတယ်။ ဒါပေမဲ့ ပြဿနာဆိုတာရှိရင် ရှင်းရမှာပဲ။ ဂရိပညာရှင် အရစ္စတိုတယ်ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းလိုပဲ။ “ဆရာ့ကို ချစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ပိုချစ်ရမယ်” ဆိုတာလိုပေါ့။ အမှန်တရားကိုပဲ အစိုးရက ဦးတည်ဆောင်ရွက်ရမှာပဲ။ ဒါပေမဲ့ အစိုးရက အဲဒီအမှန်တရားကို ဆောင်ရွက်ဖို့ အစဉ်းစားလွန်နေတယ်။ တချို့နေရာတွေဆိုရင် ရပ်နေတယ်။ ပြဿနာကို အမြန်ဆုံး မဖြေရှင်းတော့ ချမ်းသာတဲ့လူတွေက အကြောင်းမဟုတ်ပေမယ့် ဆင်းရဲတဲ့လူတွေ၊ လက်လုပ်လက်စားတွေက ဒုက္ခပင်လယ် ဝေရတာပေါ့။

မြန်မာနိုင်ငံမှာရှိနေတဲ့ တရားမမျှတမှုတွေ၊ မလွတ်လပ်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာနယ်ဇင်း မီဒီယာတွေကလည်း စစ်စစ်ပေါက်ပေါက် ရှာရှာဖွေဖွေ ဖော်ထုတ်ရေးသားနေတယ်။ လွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်တွေ နစ်နာမှုတွေကို တရားဝင် မေးမြန်းပေးနေတယ်။ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတောင် မေးခွန်းမမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုမေးဖို့ တိုက်တွန်းလိုက်သေးတယ်။) ဒါပေမဲ့ အစိုးရက ပြဿနာဖြေရှင်းရမှာ လက်တွန့်နေတယ်။ တစ်ခုရှိတာက အစိုးရက လုပ်သင့်သလောက် လုပ်တယ်ဆိုပါစို့။ အမိန့်ထုတ်တယ်။ ညွှန်ကြားချက်ထုတ်တယ်။ အောက်ခြေက အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ စနစ်ဟောင်းခေတ်ဟောင်းက နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်ဟောင်းတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီဖြစ်အောင် ပယ်ဖျက်တာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ အသစ်ပြဋ္ဌာန်းတာတွေ လုပ်မထားတာကလည်း တစ်ကြောင်း၊ ဥပဒေရဲ့ အားနည်းချက်ကို အကာကွယ်ယူပြီး ဆန္ဒာကတိ၊ ဘယာဂတိ၊ မောဟာကတိ၊ ဒေါသာဂတိတွေကို လိုက်စားတာကြောင့် စီမံခန့်ခွဲမှုယန္တရားဟာ နှေးကွေးတာလို့ ထင်မြင်ယူဆမိတယ်။

ဘက်ပေါင်းစုံက ဒီလောက်တောင် ထောက်ပြနေပါလျက်နဲ့ “ဟောရင်းမတ်တတ်၊ လျှာပြတ်၍ ပျံတော်မူမည်၊ ပြဿနာတွေ ဖြေရှင်းပေးမယ့်ပုံမပေါ်” လို့ အားမလိုအားမရ ရေးနေရသည့်တိုင် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် မီဒီယာနှင့် ပဉ္စမ,မဏ္ဍိုင် ပြည်သူတို့ကတော့ ဆိုရေးရှိက ဆိုနေရပေဦးမည်၊ ပြောရေးရှိက ပြောနေရပေဦးမည်သာ ဖြစ်ပါကြောင်း။



Eleven Media Group