ရုရှားတပ်များ ယူကရိန်းကနေ ရုပ်သိမ်းရန် အမေရိကန်ပြော

ပို့စ်တင်ချိန် - 3/13/2014 07:14:00 PM

Obama

အမေရိကန်သမ္မတ အိုဘားမားက ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေ တပ်စွဲထားတာကို မရုပ်သိမ်းရင် အနောက်နိုင်ငံတွေအနေနဲ့လည်း လုပ်ဆောင်စရာရှိတာ မဖြစ်မနေ လုပ်ရတော့မယ်လို့ မတ်လ ၁၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ယူကရိန်းဝန်ကြီးချုပ် အာဆင်နိုင် ရက်ဇင်းညက်က အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။

အမေရိကန်သမ္မတ အိုဘားမားက “ရုရှားသမ္မတပူတင်အနေနဲ့ တခြားရွေးချယ်စရာ လမ်းကြောင်း တကြောင်းရှိနေသေးပြီး ရွေးချယ်မယ်လို့လည်း မျှော်လင့်တယ်။ မရွေးချယ်ရင်တော့လည်း ယူကရိန်းနိုင်ငံ စည်းလုံးညီညွတ်မှု မပြိုကွဲရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အားလုံး ၀ိုင်းရံကြလိမ့်မယ်” လို့ ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ကလည်း ခရိုင်းမီယားအရေးကို တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးဖို့ အမြဲတမ်း အဆင်သင့်ရှိပြီး ရုရှားနိုင်ငံကို ယူကရိန်းနိုင်ငံက ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ မတ်လ ၁၆ ရက် ခရိုင်းမီယားလူထုခံယူပွဲ မကျင်းပခင် အမေရိကန်ကို ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

ခရိုင်းမီယားဟာ ၁၉၅၄ ခုနှစ်မှာ ဆိုဗီယက်နိုင်ငံခေါင်းဆောင် ခရူးရှတ်က ယူကရိန်းနိုင်ငံကို မပေးလိုက်ခင်အထိ ရုရှားနိုင်ငံက ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ခရိုင်းမီယားမှာ ရုရှားတပ်တွေ တပ်စွဲရတာဟာ လူများစုဒေသခံ ရုရှားလူမျိုးတွေကို အကာအကွယ်ပေးဖို့လို့ ပြောဆိုခဲ့ပါတယ်။

DVB Burmese