တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတည်ဆောက်ရေး တရုတ်စီစဉ်

ပို့စ်တင်ချိန် - 5/30/2014 05:32:00 PM


မေ၊၂၉။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်အထူးစီးပွားရေးဇုန် (EEZ)မိုင် ၂ဝဝ အကွာအဝေးအတွင်းရှိ စပရတ်တလီ ကျွန်းစု၌
အမေရိကန် ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတစ်ခုတည်ဆောက်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း၏ အမှတ်(၉)ဒီဇိုင်းရေးဆွဲရေးနှင့် သုတေသနရေးဌာနသည် စပရတ်တလီ
ကျွန်းစုအတွင်းရှိတရုတ်ကထိန်းချုပ်ထားသော Fiery Cross ကျောက်တန်းတွင် တည်ဆောက်မည့် ကျွန်းတုပုံစံကို ဒီဇိုင်းရေးဆွဲခဲ့ခြင်း
ဖြစ်ကြောင်း Qianzhan အွန်လိုင်းသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အဆိုပါ Fiery Cross ကျောက်တန်းအနီးတွင်ပင်လယ်ရေမျက်နှာပြင်အထက် ၃ မီတာမြင့်ပြီး ၅ စတုရန်း ကီလိုမီတာကျယ်ဝန်းသော
စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်မှုကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံရှိမည်ဖြစ်ပြီး
၁ဝ နှစ်တာကာလအတွင်းအပြီးသတ်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းနှင့်အဆိုပါတည်ဆောက်မှုမှာ အလေးချိန်တန် ၁ဝဝ,ဝဝဝ ရှိ နျူကလီးယား
စွမ်းအင်သုံးလယာဉ်တင်သင်္ဘော တစ်စင်းတည်ဆောက်မှု ကုန်ကျစရိတ်နှင့်တူညီနေကြောင်း ၎င်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။ အဆိုပါကျွန်းတုမှာ
တရုတ်နိုင်ငံအတွင်းမဟာဗျူဟာမြောက် အရေးပါသော စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီးအရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏
ရပ်တည်မှုကဏ္ဍကိုခိုင်မာစေမည်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းသြဇာချဲ့ထွင်ရေးကြီးမားသည့် အခွင့်အလမ်းရရှိစေမည်ဖြစ်ကြောင်း
၎င်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံPalawan ပြည်နယ် အနီးရှိ Panganiban (Mischief) ကျောက်တန်းတွင်လည်းကျွန်းတုတစ်ခု
တည်ဆောက်ရေး စီစဉ်ထားကြောင်းနှင့် အဆိုပါကျွန်းကိုစစ်ရေးရည်မှန်းချက်အတွက် အသုံးပြုရေးအပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ
ငါးဖမ်းလုပ်ငန်းစင်တာတစ်ခုအသွင် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ၎င်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်ဟု သိရသည်။

Source; Qianzhan
ဘာသာပြန် David
The Myanma Age