ပြန်ပေးဆွဲခံ ဂျပန်နိုင်ငံသားများကိစ္စ အရေးယူပေးရန် မြောက်ကိုရီးယား သဘောတူ

ပို့စ်တင်ချိန် - 5/30/2014 02:52:00 PM

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

ပြီးခဲ့တဲ့ ၁၀ နှစ်တွေအတွင်း မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေ အရေးကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ မြောက်ကိုရီးယားအစိုးရနဲ့ သဘောတူညီချက်ရခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေ ၂၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အစိုးရနှစ်ခုကြား အခုလို သဘောတူညီမှုရရှိခဲ့တာဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ အငြင်းပွားနေခဲ့တဲ့ အရေးကိစ္စအတွက် အောင်မြင်မှုလည်း ဖြစ်ပါတယ်။
၁၉၇၀ နဲ့ ၈၀ နှစ်တွေအတွင်း မြောက်ကိုရီးယားသူလျှိုတွေကို သင်တန်းပေးဖို့ ဂျပန်နိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ၂၀၀၂ ခုနှစ်က ၀န်ခံခဲ့ပါတယ်။

“အစကတည်းက ပြန်ပေးဆွဲခံရသူတွေရဲ့ အရေးကိစ္စကို အောင်မြင်မှုရတဲ့အထိ ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဒါဟာ ပထမဆုံး ရရှိခဲ့တဲ့ အောင်မြင်မှု ခြေလှမ်းတခု ဖြစ်တယ်” လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။
“ပြန်ပေးဆွဲခံခဲ့ရသူတွေထဲက ၅ ဦးနဲ့ မိသားစုတွေပဲ ဂျပန်နိုင်ငံကို ပြန်လာခဲ့ကြပြီး ကျန်ခဲ့တဲ့ ၈ ဦးကတော့ သေဆုံးခဲ့ကြပြီ”လို့ မြောက်ကိုရီးယားက ပြောဆိုပါတယ်။

သဘောတူညီချက်ကြောင့် ဂျပန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့ အရေးယူမှုတချို့ကိုလည်း ဖြေလျော့ပေးခဲ့ပြီး လူသားချင်းစာနာတဲ့ အကူအညီပေးဖို့လည်း စဉ်းစားနေပါတယ်။

အခုလို မြောက်ကိုရီးယားအစိုးရနဲ့ ဂျပန်အစိုးရတို့အကြား ရရှိခဲ့တဲ့ သဘောတူညီမှုကို တောင်ကိုရီးယားနိုင်ငံက အနီးကပ်စောင့်ကြည့်နေပါတယ်။

မြောက်ကိုရီးယားနျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ စစ်ရေးသဘောတူညီမှုကတော့ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။

DVB Burmese