ဆောင်းဟေကျို၏ အချစ်ရေး ကောလာဟလ သတင်းများကို အေဂျင်စီ ရှင်းလင်း

ပို့စ်တင်ချိန် - 5/30/2014 06:50:00 PM




တွဲဖက်သရုပ်ဆောင် မင်းသားတစ်လက်နှင့် ဆောင်းဟေကျိုတို့ ချစ်သူဖြစ်နေကြောင်း သတင်းများကို သူမ၏ အေဂျင်စီက ငြင်းဆန်ခဲ့သည်။ ပြင်သစ်တွင် ဟေကျိုနှင့် မင်းသား ကန်ဒေါင်ဝမ်တို့ နှစ်ဦးအတူ ရှိနေသည့် ဓာတ်ပုံကို တရုတ်ပရိသတ် တစ်ဦးက အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့်နောက် ယင်းတို့စုံတွဲ ပဲရစ်သို့ အပျော်ခရီး ထွက်နေခြင်းဟု ကောလာဟလများ လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။ ဟေကျိုနှင့် ဒေါင်ဝမ်တို့သည် (၂၀၁၀)ပြည့်နှစ်က ရိုက်ကူးသည့် Love For Sale ဇာတ်ကားတွင် အတူတွဲဖက် သရုပ်ဆောင်ဖူးသလို လက်ရှိရိုက်ကူးထားပြီး မပြသရသေးသည့် Pit-A-Pat-My-Lifeတွင်လည်း တစ်ကျော့ပြန် တွဲဖက်ထားသည်။

(ကန်ဒေါဝမ်နှင့် ဆောင်ဟေကျို)
ဒေါင်ဝမ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဟေကျို၏ အေဂျင်စီဖြစ်သော United Artistနှင့် စာချုပ်ခဲ့သူ ဖြစ်သည်။ ယင်းတို့နှစ်ဦးသည် ယခင်ကတည်းက ရင်းနှီးပြီး ပွဲလမ်းသဘင် အချို့သို့ အတူတွဲ တက်ရောက်ဖူးသော်လည်း ပြင်သစ်တွင် နှစ်ဦးအတူ တွေ့ရှိရခြင်းမှာမူ ချစ်သူများ ဘဝထိ တက်လှမ်းထား၍ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။ ဟေကျိုသည် ယခင်ကလည်း တွဲဖက်သရုပ်ဆောင် မင်းသားများနှင့် ချစ်ကျွမ်းဝင်ဖူးသည့် မှတ်တမ်းရှိနေရာ ယင်းသတင်းများကို ပိုမိုတွန်းအားပေး သကဲ့သို့ ဖြစ်လာသည်။

(Pit-A-Pat-My-Life တွင် ကန်ဒေါင်ဝမ်နှင့် ဆောင်းဟေကျိုတို့ အတူတွဲဖက် သရုပ်ဆောင်ထားစဉ်)
သို့သော်လည်း ယခုအခါ United Artistက ဟေကျိုနှင့် ဒေါင်ဝမ်တို့မှာ အလုပ်ကိစ္စအတွက် ပြင်သစ်သို့ ရောက်နေခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ “ဟေကျိုနဲ့ ဒေါင်ဝမ်တို့က ဓာတ်ပုံရိုက်ကူးဖို့ အစီအစဉ် တစ်ခုအတွက် ပဲရစ်ကို ရောက်နေတာပါ။ သူတို့ချည်းပဲ မဟုတ်ဘဲ အေဂျင်စီက ဝန်ထမ်းတချို့လည်း ရှိနေခဲ့ပါတယ်”ဟု အေဂျင်စီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဟေကျိုသည် Autumn In My Heart၊ All In ဇာတ်လမ်းတွဲများဖြင့် အာရှတလွှား နာမည်ကျော်လာခဲ့ပြီး All Inမှ တွဲဖက်သရုပ်ဆောင် မင်းသား လီဗြောင်ဟွမ်းနှင့်လည်း ချစ်သူဖြစ်ခဲ့ဖူးသည်

Planet Myanmar Network