ဧပြီလက ဖမ်းယူရခဲ့သည့် အသံလှိုင်းများသည် MH370 မှ မဖြစ်နိုင်ကြောင်း သတ်မှတ်

ပို့စ်တင်ချိန် - 5/30/2014 05:57:00 PM





ဖမ်းယူရရှိနေခဲ့သည့် အသံလှိုင်း ရိုက်ခတ်မှုများသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်၏ သေတ္တာနက်မှ ထွက်ပေါ်လာခြင်းဆိုသော ခန့်မှန်းချက်များကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်နေသည့် ပညာရှင်များက အပြီးတိုင် ပယ်ချလိုက်ပြီ ဖြစ်သည်။ ဧပြီလ အတွင်းက အိန္ဒိယ သမုဒ္ဒရာ အတွင်း၌ အချက်ပေး ထုတ်လွှင့်သည့် အသံလှိုင်းများကို ဖမ်းယူရရှိခဲ့သော်လည်း ယင်းသည် မိမိတို့ ရှာဖွေနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်၏ နောက်ဆုံးခိုနားရာ နေရာနှင့် ဆက်စပ်မှု မရှိနိုင်ဟု ဩစတြေးလျက ဦးဆောင်သည့် ပူးပေါင်းရှာဖွေရေး လှုပ်ရှားမှုစင်တာ (JACC)က ငြင်းချက်ထုတ်ခဲ့သည်။

“အသံလှိုင်း ထုတ်လွှင့်မှုတွေ ဖမ်းယူရရှိခဲ့တဲ့နောက် အဲဒီနေရာနဲ့ ပတ်ဝန်းကျင် ဇုန်တစ်ခုလုံးကို ရေငုပ်သင်္ဘောငယ် တစ်စင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်နဲ့ ဆက်စပ်တဲ့ ဘာအပျက်အစီး အပိုင်းအစကိုမှ ရှာမတွေ့ခဲ့ဘူး”ဟု JACC၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ထိုစဉ်က ဖမ်းယူရရှိခဲ့သည့် အသံလှိုင်းများသည် MH370ထံမှ မဟုတ်ဘဲ အခြားသော လူလုပ်ကိရိယာ တစ်ခုခုထံမှဟု ယူဆရကြောင်းလည်း သိရသည်။ ဩစတြေးလျ ပို့ဆောင်ရေး လုံခြုံမှုဗျူရိုကလည်း “ခုချိန်မှာတော့ အဲဒီနေရာဟာ MH370ရဲ့ နောက်ဆုံးနားခိုရာ သတ်မှတ်ဇုန်အဖြစ် တွေးတောနေဖို့ မလိုတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း မတ်လ(၈)ရက်နေ့ ကတည်းက အကြောင်းရင်း မသိဘဲ အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားသည့် လေယာဉ်၏ ကံကြမ္မာမှာ ပိုမို၍ ပဟေဠိ ဆန်လာခဲ့သည်။ ဩစတြေးလျသင်္ဘော Ocean Shieldသည် အမေရိကန်လုပ် Bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်ကို ထိန်းချုပ်စေခိုင်းကာ ရေအောက်ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်။ MH370သည် လူပေါင်း(၂၃၉)ဦးကို တင်ဆောင်ကာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ပတ်သက်သည့် ဂြိုဟ်တုမှတ်တမ်းများ၊ အခြားအချက်အလက်များကို အခြေခံပြီး လေယာဉ်အနေဖြင့် အကြောင်းရင်း တိတိကျကျ မသိရဘဲ အိန္ဒိယ သမုဒ္ဒရာဘက် ဦးလှည့်ပျံသန်းသွားပြီး ပျက်ကျသွားခြင်းအဖြစ် ပညာရှင်များက ယူဆထားသည်။
planet Myanmar Network