ဘရာဇီး အပူချိန်နှင့်စိုထိုင်းမှုက အင်္ဂလန်အသင်းအတွက် အခက်ကြုံနိုင်ဟုဆို

ပို့စ်တင်ချိန် - 5/30/2014 05:59:00 PM


ဓာတ်ပုံ – ရိုက်တာ
ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းက လီဗာပူးနဲ့ ဥရုဂွေး ကစားသမား လူးဝစ် ဆွာရက်ဇ်ကို ဘဲလေး ကချေသည်တဦးအဖြစ် ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အခြေအနေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပထမဆု ရယူနိုင်ခဲ့တဲ့ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားကနေ လက်ရှိအခြေအနေထိ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
ဘရာဇီလ်းနိုင်ငံရဲ့ အပူချိန်နဲ့ စိုထိုင်းမှုဟာ အင်္ဂလန်အသင်းအတွက် ကောင်းတဲ့ နိမိတ်မဟုတ်ဘူးလို့ ပြောပါတယ်။

အပူချိန် ၅ ဒီဂရီ ဆင်တီဂရိတ် မြင့်တက်မယ်ဆိုရင် အင်္ဂလန်အသင်း နိုင်ခြေက ၅၉ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွား နိုင်ပါတယ်လို့ ဆိုပါတယ်။

ပင်လယ်ရေမျက်နှာပြင် အမြင့် ၅၀၀ မီတာ အထက်မှာ ကစားရရင် အနိုင်ရနိုင်ချေ ၂ ဆ ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် တခြားသော ဒိုင်လူကြီးတွေထက် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ဟန်ဆောင်လှဲအိပ်တဲ့ ပရိယာယ်ကို ပိုပြီး သဘောပေါက်တဲ့ ဥရောပဒိုင်လူကြီးရရင်တော့ ဥရုဂွေးအသင်းနဲ့ ကစားတဲ့အခါမှာတော့ အခြေအနေ ပိုကောင်းနိုင်တယ်လို့ ဟော့ကင်းက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားကို ရရှိခဲ့စဉ်က အနီရောင်ဂျာစီကို ၀တ်ဆင်ခဲ့တာဖြစ်ပြီး အခု ၀တ်ဆင်နေတဲ့ အဖြူရောင် ဂျာစီရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ဟော့ကင်းက အနီရောင်က ပိုပြီး အောင်မြင်မှုကို ရစေတယ်လို့ ဂျာမနီ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်ဖြစ်တဲ့ အနီက ယုံကြည်မှုရှိသလို မာန်ပါတက်ကြွ လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကိုးကားပြီး ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ၄-၄-၂ ပုံစံထက် ၄-၃-၃ ပုံစံကို ကစားသင့်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းရဲ့ ပင်နတီကန်ချက်နဲ့ ပတ်သက်ပြီးတော့ ဂိုးအဖြစ် မဖန်တီးနိုင်ဘူးလို့ ပြောပါတယ်။

အသက် ၇၂ နှစ်အရွယ် ပါမောက္ခဟော့ကင်း ရေးသားတဲ့ အချိန်ရဲ့သမိုင်းကြောင်း စာအုပ်ဟာ ကမ္ဘာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်ခဲ့သလို သူဟာ လက်ရှိ ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် တဦးလည်း ဖြစ်ပါတယ်။


DVB Burmese