ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ရေးအခက်အခဲများ ရှိသည့်အပြင် ငှက်ဖျားနှင့် ၀မ်းရောဂါများ ကူးစက်ပြန့်ပွားနေ

ပို့စ်တင်ချိန် - 5/30/2014 12:14:00 PM


(ကချင်ပြည်နယ် မန်ဝိန်းကြီးကျေးရွာရှိ KCP စစ်ဘေးရှောင် ဒုက္ခသည်စခန်းအား မေ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာရှိ ဒုက္ခသည်စခန်းများသို့ လာရောက်ခိုလှုံသူဦးရေ နှစ်ထောင်ကျော် တိုးလာပြီး နေထိုင်ရေး အခက်အခဲများ ရှိနေသည့်အပြင် ငှက်ဖျားရောဂါနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါများ ကူးစက်ပြန့်ပွားနေကြောင်း ကယ်ဆယ်ရေးစခန်းရှိ တာဝန်ရှိသူများနှင့် လာရောက်ခိုလှုံသူများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတွင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း ငါးခုရှိနေပြီး လာရောက်ခိုလှုံသူ ၆၀၀၀ ကျော်ရှိနေကြောင်း KPC ဒုက္ခသည်စခန်းမှ တာဝန်ခံဖြစ်သူ ဦးဇော်လတ်ထံမှ သိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မန်ဝိန်းကြီးကျေးရွာတွင် ဒုက္ခသည် စခန်းတစ်ခုကို တိုးချဲ့ခဲ့ရပြီး အဆိုပါ စခန်းတွင် နေထိုင်ရေးခက်ခဲမှုများ ရှိနေသည့်အပြင် ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာရေးအတွက်လည်း စိုးရိမ်မှုများ ရှိနေကြောင်း အဆိုပါ ရိုးရာဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်မတို့ ကယ်ဆယ်ရေးစခန်းမှာ နေမကောင်းလို့ ဆေးကုသပေးနေရတဲ့ လူနာအရေအတွက်က တစ်နေ့ကိုအယောက် ၅၀ ၀န်းကျင်ရှိတယ်။ အဲဒီလူနာတွေထဲမှာ အများဆုံးဖြစ်နေတဲ့ ရောဂါတွေကတော့ ငှက်ဖျားရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်တယ်။ ဇွန်လဆိုရင် ရောဂါဖြစ်တဲ့ လူနာအရေအတွက်က ပိုများနိုင်ပါတယ်။ အဓိက ကတော့ အစားအသောက် မသန့်ရှင်းတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်” ဟု KPC ဒုက္ခသည်စခန်းမှ ဆရာမဒေါ်နန်းရော်က ပြောကြားသည်။

“အခက်အခဲတွေကတော့ အများကြီးရှိတယ်။ အခန်းက အရမ်းကျဉ်းတဲ့အတွက် နေထိုင်မှုက အခက်အခဲဖြစ်နေတယ်။ အခုဒီ ကယ်ဆယ်ရေးစခန်းမှာ နေမကောင်းတဲ့သူတွေ များနေပါတယ်” ဟု KPC ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရိုးရာကယ်ဆယ်ရေးစခန်းမှ ဦးရော်ထုန်နန်းခမ်းက “အခုလတ်တလော ကလေးတွေအတွက် စိုးရိမ်နေရတာကတော့ ပညာသင်ကြားခွင့်မရမှာကိုပဲ ဖြစ်တယ်။ ဒီ ဧပြီလအတွင်းမှာ ဖြစ်ခဲ့တဲ့စစ်ပွဲကြောင့် ဒီမှာလာပြီး ခိုလှုံနေရလို့ ဖြစ်ပါတယ်။ ဒီစခန်းမှာ ပညာသင်ရမယ့် ကလေးဦးရေက ၂၀၀ ၀န်းကျင်လောက် ရှိပါတယ်” ဟု ပြောကြားသည်။

တပ်မ ၈၈ လက်အောက်ခံ ခ.လ.ရ ၈၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်းဦးက “အခုလက်ရှိ ဒီဒေသမှာတော့ သွားလာနေတဲ့ အချိန်တွေကို ကန့်သတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ တောင်ပေါ်ကိုသွားပြီး တောင်ယာလုပ်မယ့် ဒေသခံတွေကိုတော့ လမ်းမှာမိုင်းတွေကို သတိထားပြီးသွားဖို့ ပြောထားပါတယ်။ ဧပြီလက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ ဒီမြို့ရဲ့ ကျားခေါင်းတောင်ပေါ်မှာ အများဆုံး စစ်ပွဲတွေဖြစ်ခဲ့တယ်” ဟု မေ ၂၈ ရက် ညနေပိုင်းက ပြောကြားသည်။

Eleven Media Group