ငါးနှစ်အတွင်း ရန်ကုန်တွင် ဟိုတယ်အခန်း ၅၀ ရာခိုင်နှုန်း တိုးလာမည်ဟု အမေရိကန်ဈေးကွက် သုတေသန ကုမ္ပဏီ ခန့်မှန်း

ပို့စ်တင်ချိန် - 5/30/2014 02:52:00 PM


ရန်ကုန်၊ မေ ၂၉

ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာသည့် အပြင် ယင်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် ဝင်ရောက်လာနေမှုကြောင့် လာမည့် ငါးနှစ်အတွင်း ရန်ကုန်မြို့တော်တွင် ဟိုတယ်အခန်း အရေအတွက် ၅၀ ရာခိုင်နှုန်းခန့် ထပ်မံ တိုးတက်လာမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဈေးကွက် သုတေသနကုမ္ပဏီ Jones Lang LaSalle က ခန့်မှန်းလိုက်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်တွင် အခန်းအရေအတွက် ၉၁၀၀ ကျော် ရှိနေပြီး အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ကိုရီးယားစသည့် နိုင်ငံများမှ ဟိုတယ်ကဏ္ဍအတွင်း ပိုမို ဝင်ရောက်လာမှုကြောင့် လာမည့် ငါးနှစ်အတွင်း အခန်းအရေအတွက် ၄၅၀၀ ကျော် ထပ်မံ တိုးတက်လာမည် ဖြစ်ကြောင်း Jones Lang LaSalle က ယခု မေလလယ်ပိုင်းတွင် ထုတ်ပြန်သည့် Yangon Hotel Market Update အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဟိုတယ် လိုအပ်ချက်က သိသိသာသာ မြင့်မားလာပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ နိုင်ငံတကာက ဟိုတယ် အုပ်စုတွေကို ဒီမှာ မြင်နေရပါတယ်။ သူတို့ရဲ့ စီမံကိန်းတွေကို အမြန်ဆုံး အပြီးသတ်ပြီး လုပ်ငန်း စတင်နိုင်ဖို့ပါ” ဟု Jones Lang ဟိုတယ်တွေ လိုအပ်ချက်က ဆက်မြင့်နေဦးမှာပါ။ ၂၀၁၄ ကို ကျော်ပြီး ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဟိုတယ်ဈေးကွက် အလားအလာက တော်တော်ကို ထင်ထင်ရှားရှား ဖြစ်နေပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေ ပြည့်နှက်နေပါတယ်” ဟု Andrew Langdon က ဆိုသည်။

ပြည်တွင်းပြည်ပမှ ဟိုတယ် စီမံကိန်းများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာသကဲ့သို့ ပြည်ပခရီးသည် အဝင်များလာသောကြောင့် ခရီးသွားလုပ်ငန်းမှလည်း ဝင်ငွေ ပိုမို တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“Tourism Master Plan ကလည်း စနေပြီ ဆိုတော့ ဒီ Plan အရ ၂၀၂၀ မှာ ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံလောက်နဲ့ ဧည့်သည် အဝင် ခုနစ်သန်းခွဲလောက် ဝင်ဖို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၀၀ ကျော်နှင့် အခန်းအရေအတွက် သုံးသောင်းနီးပါး ရှိပြီး ရန်ကုန်မြို့တွင် အခန်းအရေအတွက် ၉၀၀၀ ကျော် ရှိသော်လည်း နိုင်ငံတကာအဆင့် အခန်းအရေအတွက် ၁၅၀၀ ကျော်သာ ရှိကြောင်း သိရှိရသည်။

The Voice Weekly