ဗီဇာစည်းကမ်းဖောက်ဖျက်သူ တရုတ်နိုင်ငံသား ၁၃ ဦးကို အမိန့်ချမှတ်

ပို့စ်တင်ချိန် - 5/30/2014 09:26:00 AM



ရှမ်းပြည်နယ်၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာ ရှိတဲ့ ဘော်ဆိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေ တဲ့ တရုတ်နိုင်ငံအခြေစိုက် Good Plus Star(GPS) Joint Venture ကုမ္ပဏီက တရုတ်နိုင်ငံသား ၀န်ထမ်း ၁၃ ဦးနဲ့ မြန်မာဝန်ထမ်းတစ်ဦးကို ဗီဇာစည်းကမ်းဖောက် ဖျက်မှုနဲ့ ကလောမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၂ သိန်းစီ သို့မဟုတ် ထောင်ဒဏ် ၆ လစီကျခံဖို့ အမိန့်ချ မှတ်လိုက်ပါတယ်။

အမိန့်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က အခုလိုပြောပါတယ်။

"ဗီဇာစည်းကမ်း ဖောက်ဖျက်လို့ပါ၊ တာဝန်ရှိသူက ဒီနိုင်ငံခြားသားတွေ ရောက်ရှိနေထိုင်တာနဲ့ ပတ်သက်လို့ သတင်းပို့ဖို့ ပျက်ကွက်တဲ့အတွက်ပါ၊ တစ်ယောက်ကို ဒဏ်ငွေ ကျပ် ၂ သိန်းစီ ပေးဆောင်ရန်၊ မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၆ လ ကျခံစေရန်၊ သူတို့ ဒဏ်ငွေပေးဆောင်ပါတယ်ခင်ဗျ၊ ပြန်မလွှတ်ပါဘူး၊ ကျနော်တို့က ပြည်နှင်ဖို့အတွက် ဆက်လုပ်ပါမယ်"

ပြီးခဲ့တဲ့ မေလ ၂၅ရက်နေ့က Good Plus Star (GPS) Joint Venture ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၈၈ ဦးကို လ၀ကဦးစီးအဖွဲ့က ၀င်ရောက်စစ်ဆေးရာမှာ ၁၃ ဦးဟာ ပတ်စ်ပို့နဲ့ ဗီဇာတွေ ကိုယ်စီရှိပေမယ့် သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့တာ လို့ သိရပါတယ်။

အဲ့ဒီလိုစစ်ဆေးတွေ့ရှိခဲ့တာကြောင့် တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ ဦးရဲနောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ Good Plus Star(GPS) Joint Venture ဖက်စပ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ၃ နှစ်ကြာ စမ်းသပ်တူးဖော်ခွင့်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရားဝင်တူးဖော် ထုတ်လုပ်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဘော်ဆိုင်းဒေသမှာ GPS၊ Top Ten Star ၊ အေးသစ္စာ စတဲ့ ပြည်တွင်းပြည်ပ သတ္တုတူးဖော်ရေး ကုမ္ပဏီ ၁၂ ခုလောက် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသား ၁၀၀ ကျော် အလုပ်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။



RFA Burmese