နှစ်ထောင်တန်စကား - မြင်သမျှ ...ကြားသမျှ.

ပို့စ်တင်ချိန် - 5/30/2014 02:40:00 PM



ဒီတစ်ပတ် အင်တာနက်ပေါ်မှာအပျံ့နှံ့ဆုံးစကားပါပဲ။ လူတိုင်းရဲ့ ဆိုက်ထဲမှာ ဒီစကားရှိပါတယ်။ အမြင်အမျိုးမျိုးပါပဲ။ ဖတ်ရသလောက်တင်ပြရရင်…

”နှစ်ထောင် ဟုတ်လား။ ဘာမှမလုပ်စားဘူး။ ဘယ်မှမသွားရဘူး။ အိမ်လခ၊ မီတာခ၊ ရေခွန်၊ မီးခွန်မဆောင်ရဘူးဆို

အိမ်ကပေးထားလေ။ လောက်အောင်သုံးမှာပေါ့”

”မနက် လက်ဖက်ရည်သောက်တာ နှစ်ထောင်ကုန်သွားပြီ။ အလုပ်သွားရဦးမယ်။

ကားစီးရဦးမယ်။ ထမင်းစားရမယ်။ လောက်တယ်ဆိုသုံးပြ”

”လူကြီးတွေများ ပြောလိုက်ရင် မပြုံးဘဲ ဝါးလုံးကွဲရယ်ရတယ်ဗျာဗြဲ ..”

‘ဒီနေ့ မြို့ထဲသွား၊ အရေးပေါ်အိမ်သာတက်ချင်၍ နီးစပ်ရာဘီယာ ဆိုင်ဝင်၊ မကောင်းတတ်၍ ဘီယာတစ်ခွက်၊ အာလူးကြော်တစ်ပွဲမှာ ငွေနှစ်ထောင်ကုန်”

”ဒုက္ခပဲ၊ တစ်နေ့ နှစ်ထောင်ကျော် အောင်သုံးရင် အမေက ရိုက်မယ်တဲ့။
လူကြီးတွေတောင် နှစ်ထောင်နဲ့လောက်သေးတာ နင်ကဘာမို့လဲတဲ့”

”ဒီနေ့ ဘုရားသွားတယ်။ ဘုရားကို ကြည်ညိုလို့အလှူငွေ နှစ်ထောင်ထည့်လိုက်တယ်။ သွားပြီ”

”လူတစ်ယောက် နှစ်ထောင်နဲ့ လောက်တယ်ဆိုရင် လူကြီးသမီးတွေ တစ်ရက် ငါးထောင်ပေးပြီး အိမ်မှာခေါ် ခိုင်းချင်သေး”

”ကျုပ်တို့လည်း နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ အနှိမ်ခံ အလုပ်လုပ်စရာ မလိုတော့ဘူး။ မြန်မာပြည်မှာ တစ်နေ့ နှစ်ထောင်နဲ့လောက်တယ်တဲ့”

ဒီလောက်ပဲ ဖော်ပြပါ့မယ်။ တခြားရိုင်းစိုင်းတဲ့ စကားတွေလည်း အများကြီးမို့ မတင်ပြချင်ပါဘူး။

ရိုးရိုးလေးပဲ တွက်ကြည့်ရအောင်။ အစိုးရရဲ့ အခြေခံလစာဟာ ဘယ်လောက်လဲ။ အဲဒါကို မလောက်လို့ ထပ်တိုး၊ ထပ်တိုးနေရတယ် မဟုတ်လား။ အဲဒီလို ထပ်တိုးတာ ကိုတောင် မလောက်လို့ လာဘ်ပေးလာဘ်ယူလုပ် နေကြတယ် မဟုတ်လား။ ဒါမှမဟုတ် အလုပ်လုပ်တဲ့သူ မပြောပါနဲ့။ ကျောင်းသားလေး တစ်ယောက်ရဲ့ စရိတ်ကိုပဲ တွက်ကြည့်။ ဝတ်စုံဖိုး။ စာအုပ်ဖိုး၊ ကျူ ရှင်လခ၊ ကျောင်းစရိတ်၊ စားစရိတ်၊ အလှူခံထည့်ဝင်ငွေ။ ကျောင်းဖယ်ရီဖိုး
..ကဲ ..ရိုးရိုးလေးပဲ တွက်ကြည့်ပါဗျာ။

ပညာသင်တဲ့အရွယ်မှာတောင် နှစ်ထောင်နဲ့ မလောက်တဲ့ဟာကို အဲဒီ ကျောင်းသားရဲ့မိဘက ဘယ်လိုလုပ်ပြီး နှစ်ထောင်နဲ့ လောက်နိုင်မှာလဲ”

ကိုယ်နဲ့တော့ မတွက်နဲ့ပေါ့။ ကိုယ်က အလကား အကုန်ရနေတာလေ။ ဒါမှမယုံရင် သွားလေရာ ကိုယ့်ရဲ့ဓာတ်ဆီဖိုးလေးပဲ ကိုယ့်ကိုယ်ပိုင် ပိုက်ဆံနဲ့ကိုယ်ထည့်။ ဓာတ်ဆီ တစ် ဂါလန်လေးထောင်ကျော်၊ ငါးထောင်ဗျာ။ လောက်မလားလို့ စဉ်းစားကြည့်ပါ။ ထပ်ပြီးတော့ မပြောချင်တော့ပါဘူး။

► လာပြန်ပြီ အ သုံးလုံး

ဟိုးအရင် မဆလခေတ်ကတည်းက မြန်မာပြည်မှာ စာမတတ်သူ မရှိတော့ပါဘူးဆိုပြီး တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီကနေ ဒီအသုံးလုံး အစီအစဉ်ဟာ ပျောက် ကွယ် သွားပြီး အခုတစ်ခါ အသုံးလုံးအစီ အစဉ် ဆိုပြီး ပြန်ပေါ်လာပြန်ပါပြီ။ တစ်ဖက်က ပြောရရင် မှန်ပါတယ်။ မြန်မာပြည် မှာ တကယ်စာ မတတ်တဲ့သူတွေ အများကြီး ရှိနေပါသေး တယ်။ တောကြို အုံကြားမပြောပါ နဲ့။ မြို့ပေါ်မှာလည်း ဒါမျိုး စာမတတ်သူ တွေ ရှိပါသေးတယ်။ ဒါကြောင့် နိုင်ငံမှာ ရှိနေသူ အားလုံး စာတတ်ဖို့ လိုပါတယ်။

ဘာလို့လဲဆိုတော့ ”စာတတ်ရင် အလိမ်မခံရဘူး” ဆိုတဲ့ စကားရှိလို့ပါ။ (ပြောသာ ပြောရတာပါဗျာ စာတတ်တော့လည်း အလိမ်ခံနေရတာပဲ။) ဒါကြောင့် အရေး၊ အဖတ်၊ အတတ် ပညာဆိုတဲ့အသုံးလုံး (စာမတတ်သူ) ကို ပပျောက်စေချင်ပါတယ်။ အမှန်အတိုင်းပြောရရင် နောက်ထပ် အသုံးလုံးကိုလည်း ကင်းဝေး ပပျောက် စေချင်ပါတယ်။

အဲဒီအသုံးလုံးက..

၁။ အတ္တ
၂။ အဓမ္မ
၃။ အဝိဇ္ဇာ

ဆိုတဲ့အသုံးလုံးပါပဲ။ အဲဒီအသုံး လုံးသာ ပျောက်သွားရင် နိုင်ငံကြီး ပိုပြီးနေလို့ ထိုင်လို့ ကောင်းသွားမယ်ထင်ပါတယ်။

► အမြင်မလှတော့ပါဘူးဗျ

လမ်းတွေ ဖျက်ဖျက်ပြီးပြင်နေတဲ့အကြောင်း ကျွန်တော်ရေးခဲ့တာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပါ။ ကျွန်တော်မရေးခင် တစ်ပတ်လောက် ကတည်းက ဒီလမ်းတွေက ဖျက် ထားတယ်ဗျာ။ အခုချိန်ထိမပြင်ရသေးဘူး။ ကဲ..စဉ်းစားကြည့်ပါဗျာ။ လေးပေလောက်ရှိတဲ့ မြောင်းကလေးကို အခုချိန်ထိ ပြင်လို့မပြီးသေးဘူးဆိုတော့ ဘယ်လိုပြောရ မှန်းတောင် မသိဘူးဗျာ။ လမ်းပြင်ဖို့ ဖျက်တဲ့သူက ဖျက်ပြီးပြီဗျ။ ပြန်ပြင်တာ အဲသည်လောက် အချိန်လိုလို့လား။

တချို့လမ်းတွေကတော့ မြောင်းတွေ လုပ်ပြီး ပြန်ပြင်ပါရဲ့။ ဒါပေမဲ့ဗျာ။ ဥပမာ လေးပေကျယ်တဲ့ လမ်းကို ပြန်ပြင်ဖို့ ငါးပေဖျက်ရတာကတော့
ထုံးစံပါပဲ။ ဒါပေမဲ့ဗျာ။ ဒီမြောင်းေ လးကိုလေး ပေပြန်လုပ်ရင် တစ်ဖက်မှာ အနည်းဆုံး ပေဝက်တော့ ကျန်မှာပဲ။ မြောင်းလည်း ပြီးရော အဲဒီနေရာကို ဒီအတိုင်းပဲရှိတဲ့မြေ ဒီအတိုင်းဖို့ပြီး ထားခဲ့ တယ်ဗျာ။ ဒီတော့ မိုးရွာတဲ့အခါ အဲဒီနေရာက မြေကျွံကျတာပေါ့။ အဲဒီတော့ အဲဒီနေရာ က ဟောင်းလောင်းကြီးဖြစ်ပြီး ဘယ်ကားမှ သွားမလွတ်တော့ဘူး။

အဲဒီတော့ ဘာဖြစ်သလဲဆိုရင် ပြည်သူပြည်သား ခရီးသွားများမဖြစ် မနေသွားရသူတွေ စိတ်အနှောင့်အယှက် ဖြစ်တာပေါ့ဗျာ။ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရတာကဗျာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရင် အဓိက ဖြေရှင်းဖို့ လခပေးထားတဲ့ ယာဉ်ထိန်းတွေပါပဲ။ မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ ဖမ်းဖို့ပဲရှိတယ်။ ရှင်းဖို့ မရှိဘူး။ကဲ…ဘယ်လို လုပ်ကြမလဲဗျာ။ မယုံရင်လာကြည့်။ ကျွန်တော်တို့နားမှာတင်ရှိတယ်။

အမြင်မတော်လို့ ပြောတာဗျာ။ ယာဉ်ထိန်းရဲ ကိုယ်တိုင်က ယာဉ်မရပ်ရလို့ သတ်မှတ်ထား တဲ့ ဖြူနီကြားမှာ ရပ်ပြီးခပ်တည်တည် ကားတားပြီး ဖမ်းနေတာဗျာ။ ဟိုမှာလမ်း ပိတ်နေတာတွေ ကျတော့လည်း မသိချင်ယောင်ဆောင်နေတာဗျာ။ကျွန်တော် မေးကြည့်ချင်တယ်ဗျာ။
မေးခွန်းလေးတစ်ခုပါပဲ။ ပြည်သူတွေရဲ့ အခွန်အခနဲ့ လခ စားထားတဲ့ဝန်ထမ်းဆိုတာ..

၁။ လခပေးထားရတဲ့ ပြည်သူကို ပြန်ဖမ်းဖို့လား
၂။ လခပေးထားတဲ့ ပြည်သူကို ကာကွယ်ဖို့လား

► ထိုင်းတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီ

ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခများကြောင့် ထိုင်းစစ်တပ်က အာဏာပြန်သိမ်းလိုက်ပါပြီ။ သူတို့အတွက်တော့ ဘာထူးခြားသလဲတော့ မသိပါဘူး။ သူတို့ နိုင်ငံက ဒီလိုပဲ ပဋိ ပက္ခတွေ ဖြစ်။ အာဏာသိမ်း၊ အခြေအနေ တည်ငြိမ်သွားရင် ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ဘာဖြစ်မယ်တော့ မသိပါဘူး။ ဒါပေမဲ့ ဒီသတင်းကြားတော့ ကျွန်တော်တို့ဆီက လူတွေကတော့ တုန်လှုပ်ချောက်ချားစွာ နာကြားရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီဆိုတဲ့ သတင်းကြားတာနဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်တွေးမိကြလို့ ပါပဲ။

ဘာပဲပြောပြော။ ဘယ်သူ့မှာပဲ သိမ်းသိမ်း ကိုယ့်ဆီမှာ ပြန်မသိမ်းစေချင်လို့ပါပဲ။ ဒီကြားထဲ သူတို့ဆီက အခြေခံဥပဒေ ပြန်ဆွဲရင် ကိုယ့်ဆီက ပညာရှင် (လားဘာ လား) တွေ က ကူညီမယ်ဆိုတာကြောင့် ပြုံးရပြန်ပါသေးတယ်။ ကိုယ့်ဆီ မှာတောင် ပြင်လို့မပြီးစီးနိုင်သေးတာကို ဟိုကအကူအညီတောင်းရင် အသင့်ပါပဲဆို တာကြောင့် ”နောက် နေ တာလား” လို့တောင် မေးလိုက်ချင် ပါသေးတယ်။ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။

ပြန်ဆုံမယ်လေ။

အကြည်တော်
Popular Myanmar News Journal