ခရစ္စတန်နှင့် အဆက်အသွယ် ရှိနေဆဲဟု ရောဘတ်ပက်တင်ဆန် ဝန်ခံ

ပို့စ်တင်ချိန် - 5/30/2014 05:57:00 PM




မိမိနှင့် ချစ်သူဟောင်း ခရစ္စတန် စတီးဝပ်တို့ကြားတွင် မိတ်ဆွေဆန်သော ဆက်ဆံရေးမျိုး တည်ရှိနေဆဲဟု ရောဘတ်ပက်တန်ဆန်က ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၈)နှစ်ရှိ မင်းသားသည် Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသမီး ခရစ္စတန်နှင့် ချစ်သူများ ဖြစ်ခဲ့သော်လည်း ခရစ္စတန်၏ ရှုပ်ထွေးမှုများကြောင့် လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးကြား ပြတ်လိုက်ဆက်လိုက် အခြေအနေမျိုးဖြင့် ရှေ့ဆက်ခဲ့သော်လည်း လွန်ခဲ့သော (၇)လကမူ နှစ်ဦးသား လုံးဝဥဿုံ ကင်းကင်းရှင်းရှင်း နေထိုင်လာခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဇူလိုင်လက ခရစ္စတန်သည် သူမပါဝင် သရုပ်ဆောင်ထားသည့် Snow White and The Huntsman ဇာတ်ကားမှ ဒါရိုက်တာ ရူးပတ်ဆန်းဒါးစ်နှင့် ငြိစွန်းခဲ့ကြောင်း သတင်းများကြောင့် ရောဘတ်နှင့် သံယောဇဉ် ပြတ်ခဲ့ရခြင်း ဖြစ်သည်။

The Roverစတား မင်းသားအား ခရစ္စတန်နှင့် အဆက်အသွယ် ရှိမရှိ Hollywood Reporter သတင်းဌာနက မေးမြန်းရာ ၎င်းက “သေချာတာပေါ့။ ကျွန်တော်တို့ကြားမှာ မိတ်ဆွေဆန်တဲ့ ဆက်ဆံရေးတော့ ရှိနေဆဲပါ”ဟု ဖြေကြားခဲ့သည်။ ၎င်းက လက်ရှိတွင်မူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပြီး အနုပညာဘဝ ပိုမိုအောင်မြင် ချောမွေ့စေရန်သာ အာရုံစိုက်ထားကြောင်းလည်း ဆိုသည်။ “မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ကျွန်တော့်ကို မေးသွားသေးတယ်။ အလုပ်တွေ အရမ်းလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲသလို ဖြစ်နေမလား ဆိုတာပါ။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ အားလုံး Okပါပဲ”ဟု ရောဘတ်က ပြောကြားသွားသည်။

ရောဘတ်က ခရစ္စတန်နှင့် အတူနေထိုင်ခဲ့သည့် နေအိမ်ကို အရောင်းစာရင်း တင်ထားခြင်းနှင့် ပတ်သက်ပြီးလည်း “သိပ်ကြီးလွန်းတယ်လေ။ အိမ်ထက်စာရင် ဗာဆိုင်းလ်စ် နန်းတော်ကြီးလို ဖြစ်နေတယ်။ ပန်းခြံကလည်း တော်တော်ကြီးလှတယ်။ ခက်တာက လူတစ်ယောက်တည်းအတွက်ကျတော့ အခန်းတစ်ခန်းလောက်ပဲ နေစရာလိုအပ်တာ မဟုတ်လား။ ကျွန်တော်ကတော့ အခန်းကျဉ်းလေးတစ်ခုရယ်၊ ပြတင်းပေါက်လေးရယ် ရှိရင်တောင် ရောင့်ရဲတတ်တဲ့ လူမျိုးပါ”ဟု ရှင်းပြသွားခဲ့သည်။

Planet Myanmar Network