အက်စ်အန်အယ်လ်ဒီ ရပ်ကျေးပါတီခေါင်းဆောင် ပြန်လွတ်

ပို့စ်တင်ချိန် - 5/30/2014 03:31:00 PM


ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကျေးရွာ ဥက္ကဋ္ဌနဲ့ စည်းရုံးရေးမှူး စိုင်းအိုက်ကိန်ဟာ မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီလို့ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က သူ့ကို ကျိုင်းတုံမြို့နယ်တရားရုံးမှာ မတရားသင်းဆက်သွယ်မှု ၁၇/၁ နဲ့ တရားစွဲဆိုထားပြီး ရှေ့နေရှာထားဖို့နဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်း ချိန်းဆိုထားပြီး အဲဒီရက် မတိုင်ခင်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

စိုင်းအိုက်ကိန်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက ဖြစ်ပြီး သူ့ကို ခလရ ၂၄၅ အစိုးရတပ်က မေလ ၅ ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျိုင်းတုံအကျဉ်းထောင်မှာ ၁ လနီးပါး ချုပ်နှောင်ခံခဲ့ရတာပါ။

နိုင်ငံရေးပါတီဝင်တဦးကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ခုလိုတရားစွဲဆိုတာဟာ နိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ တတိုင်းပြည်လုံး အပစ်ခတ်ရပ်ရေးပေါ် ထိခိုက်မှုရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

DVB Burmese