ဒေသခံများကန့်ကွက်နေသည့် မိုးကြိုးဆာလဖျူရစ်အက်ဆစ် စက်ရုံ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ

ပို့စ်တင်ချိန် - 5/30/2014 11:22:00 AM


ကံကုန်းရွာသားများ ကန့်ကွက်နေသည့် မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံသည် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ISO ရရှိသွားပြီဟု မေလ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

ယင်းစက်ရုံသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းစက်ရုံဖြစ်သော်လည်း နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးလက်မှတ် ရယူခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်နေသဖြင့် ဒေသခံများက ကန့်ကွက်ခံထားရသည့် စက်ရုံလည်းဖြစ်သည်။

“ကျွန်တော်တို့ ဒီစက်ရုံက ဆာလဖာ အနံ့က စတုန်းက ရတဲ့အနံ့နဲ့ အခု ISO ရပြီး အနံ့နဲ့ဘာမှ မကွာခြား ဘူး။အတူတူပဲ ပညာရှင်တွေက မထိခိုက်ဘူးပြောမှတော့ ကျွန်တော်တို့လည်း ဘယ်တတ်နိုင်မလဲ။ အဲဒီ စက်ရုံကို ကျွန်တော်တို့က ပြောင်းစေချင်တာ”ဟု စက်ရုံနှင့်အနီးဆုံးနေရာတွင် တည်ရှိသည့် ကံကုန်းရွာနေ ဦးဘိုးသန်းက ဆိုသည်။

“သူတို့ ဒီလက်မှတ်ကို ရဖို့အတွက် အချိန်တော်တော်လည်း ယူပြီးသေချာ ပြင်ဆင်မှုတွေကို လုပ်ခဲ့တာပါ ” ဟု GIC Myanmar Co,Ltd မှ ဌာနေကိုယ်စားလှယ် ဒေါက်တာကျော်လတ်က မဇ္ဈိမကို ပြောသည်

အဆိုပါစက်ရုံကို GIC Myanmar Co,Ltd ESifh UAE (Dubai) နှင့် Country Manager Mr Asher Bila တို့က ဖေဖော်ဝါ ရီလ ၈ ရက်တွင် နောက်ဆုံးအဆင့် လာရောက် စစ်ဆေးခဲ့ပြီး ဧပြီ ၄ ရက်တွင် ISO လက်မှတ်ရရှိသည်။

မိုးကြိုးဆာလဖျူရစ်စက်ရုံသည် ISO9001-2008 (အရည်အသွေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်)၊ISO 14001-2004(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်) နှင့် OHSAS-18001-2007 (လုပ်ငန်းခွင် ကျန်းမာ ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာစီမံခန့်ခွဲမှုစနစ်) ဆိုင်ရာလက်မှတ် များရရှိခြင်းဖြစ်သည်။

ယင်းသို့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် အက်ဆစ်စက်ရုံကိုISO လက်မှတ် ရရှိရန် ဆောင်ရွက်မှု သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်း ကြေးနီစီမံကိန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက်ကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

ဟိန်းကိုစိုး| သောကြာနေ့၊ မေလ ၃၀ ရက်၊ ၂၀၁၄ခုနှစ်
Mizzima Burmese