ရွေးကောက်ပွဲ ချက်ချင်းကျင်းပပေးရန် မဖြစ်နိုင်ဟု ထိုင်းစစ်အစိုးရဆို

ပို့စ်တင်ချိန် - 5/30/2014 08:36:00 AM



Location:
ဘန်ကောက်

(REUTERS/Erik De Castro)
အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် ဆန္ဒမရှိကြောင်း ထိုင်းနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော စစ်အစိုးရက ပြောကြားသည်။

သို့သော် လွတ်လပ်သောရွေးကောက်ပွဲများ မည်သည့်အချိန်တွင် ကျင်းပခွင့်ပြုမည့်အကြောင်း ရှင်းလင်းသော အချိန်ဇယားလည်း မထုတ်ပြန်သေးပေ။

နိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် လောလောဆယ် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ဟု ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြည်းတပ်ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ချက်ချာလမ်ချာလမ်ဆူက ပြောသည်။

ပြီးခဲ့သည့် သီတင်းတစ်ပတ်က စစ်ဘက်က ကြားဝင်ဖြေရှင်းခဲ့ချိန်မှစ၍ ဘန်ကောက်မြို့တွင် အာဏာသိမ်းမှုဆန့်ကျင်သော ကန့်ကွက်ဆန္ဒပြမှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပခြင်းမှာ အချိန်ယူရကြောင်းနှင့် ဖြေကြားရန် ခက်ခဲကြောင်း ဒုတိယဗိုလ်ချုပ်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ထိုင်းစစ်တပ်သည် လွန်ခဲ့သောသုံးနှစ်က ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာ သိမ်းယူခဲ့သည်။

အကြမ်းဖက်မှုများ မြင့်တက်လာသော နိုင်ငံရေးမငြိမ်သက်မှု ခုနစ်လတာ ကြာမြင့်ပြီးနောက် တည်ငြိမ်အေးချမ်းမှု ပြန်လည်ထူထောင်ရန် ကိုင်တွယ်ခဲ့ရသည်ဟု စစ်တပ်က ပြောကြားသည်။

—Ref: AP
7day daily