မလေးရှားလေယာဉ် MH 370 ရှာဖွေရေး လုပ်ငန်းတွင် အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်းကို အသုံးပြုသွားမည်

ပို့စ်တင်ချိန် - 4/09/2014 05:48:00 PM


ပျောက်ဆုံးလျက် ရှိသည့် မလေးရှား ခရီးသည်တင် လေယာဉ် MH 370 နှင့် စပ်လျဉ်း၍ ယခု အချိန်အထိ အတိအကျ ရှာဖွေ ထောက်လှမ်း နိုင်ခြင်း မရှိသေး သောကြောင့် အဆိုပါ ရှာဖွေရေး လုပ်ငန်းတွင် အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်းကို အသုံးပြု သွားမည် ဖြစ်ကြောင်း ရှာဖွေရေး အဖွဲ့မှ ခေါင်းဆောင် တစ်ဦးက ယမန်နေ့ တွင် ပြောကြား ခဲ့သည်။

ပျောက်ဆုံး နေသည့် အဆိုပါ လေယာဉ်ကို နိုင်ငံပေါင်း များစွာက ပူးပေါင်း ရှာဖွေလျက် ရှိသည်မှာ တစ်လပင် ရှိခဲ့သော်လည်း ခိုင်မာသည့် သဲလွန်စ တစ်စုံတစ်ရာ ကို ရှာဖွေ နိုင်ခြင်း မရှိသောကြောင့် အဆိုပါ လေယာဉ် ရှာဖွေမှု အတွက် အသုံးပြုရသည့် ကုန်ကျစရိတ် မှာ ကမ္ဘာပေါ်ရှိ အခြား လေယာဉ် ရှာဖွေမှုများ ကို ကျော်လွန်၍ အကုန်အကျ အများဆုံးသော ရှာဖွေမှု တစ်ရပ် ဖြစ်လာခဲ့ကြောင်း သြစတြေးလျ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် အငြိမ်းစား လေတပ် ဗိုလ်ချုပ်ကြီး အန်းဂက်စ်ဟျူစတန် က ပြောကြား ခဲ့သည်။

အစောပိုင်းတွင် သြစတြေးလျ သင်္ဘောတစ်စင်း က ရှာဖွေ တွေ့ရှိခဲ့သည့် ပျောက်ဆုံး လေယာဉ်၏ ပျံသန်းရေး ဆိုင်ရာ အချက်အလက် စုဆောင်းရေး နှင့် အချက်ပြ ကိရိယာ အတွင်းမှ အသံများကို ယခု သီတင်းပတ် အတွင်းက ဖမ်းယူ ရရှိခဲ့ သော်လည်း ၄င်း ကိရိယာ အတွင်းရှိ ဓာတ်ခဲများမှာ အားကုန် သွားဖွယ် ရှိသောကြောင့် သဲလွန်စ ထပ်မံ ရရှိရန် ခက်ခဲကြောင်း နှင့် အဆိုပါ ကိရိယာ အတွင်းမှ အသံများကို ဖမ်းယူနိုင်ခြင်း မရှိပါက မိမိတို့ အနေဖြင့် သမုဒ္ဒရာ ကြမ်းပြင်အောက် တွင် ရှာဖွေမှု များကို ဆက်လက် ပြုလုပ် ရဖွယ် ရှိကြောင်း ၊ ယင်းသို့ လုပ်ဆောင် ရမည် ဆိုပါက အချိန်ကာလ အလွန်ကြာမြင့် မည်ဖြစ်ကြောင်း ဟျူစတန် က ထပ်လောင်း ပြောကြား ခဲ့သည်။

သြစတြေးလျ သင်္ဘောက ဖမ်းယူ နိုင်ခဲ့သည့် အချက်ပေးသံ များသည် လေယာဉ်၏ ပျံသန်းရေး ဆိုင်ရာ အချက်အလက် စုဆောင်းရေး နှင့် အချက်ပြ ကိရိယာ ( Black Box ) မှ ထက်ပေါ်လာသည့် အသံများနှင့် ဆင်တူပြီး ယင်းအချက်သည် လေယာဉ် ရှာဖွေရေး အတွက် အရေးပါသည့် သဲလွန်စ တစ်ရပ် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။ သို့ရာတွင် တာဝန်ရှိ သူများက အချက်ပြမှု များကို ထပ်မံ ဖမ်းယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့ပေ။
အဆိုပါ ပျံသန်းရေး ဆိုင်ရာ ကိရိယာ သည် လေယာဉ် ပျံသန်းမှု အစီအစဉ် များကို မှတ်တမ်း ပြုထားနိုင်ပြီး ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် အမှုထမ်း ၁၂ ဦး ကို တင်ဆောင် သွားသည့် MH 370 လေယာဉ် သည် မည်သို့ မည်ပုံ ပျောက်ဆုံး သွားခဲ့သည်ကို ဖော်ထုတ်နိုင်ဖွယ် ရှိသည်။
ယခုအခါ ရှာဖွေရေး အဖွဲ့များသည် Bluefin – 21 အမည်ရှိ အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်း ကို အပျက်အစီးများ ရှာဖွေရန် သမုဒ္ဒရာ ကြမ်းပြင် အောက်သို့ စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

MWD