ဒေါ်အောင်ဆန်းစုကြည် လာမည့်သင်္ကြန်ကာလတွင် ဥရောပတိုင်းပြည်များသို့သွား၍ ဆုများလက်ခံယူမည်

ပို့စ်တင်ချိန် - 4/09/2014 05:48:00 PM



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဧပြီ ၉ ရက်) ည ၇ နာရီ ၃၀ မိနစ်တွင် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီ ၉ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ TG လေကြောင်းလိုင်းဖြင့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ၂၀၁၄ ခုနှစ်၊ ဧပြီ ၉ ရက်တွင် စတင်ခရီးထွက်ခွာမည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ဂျာမနီနိုင်ငံသမ္မတ H.E.Mr.Joachim Gauck အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံခြင်း၊ ဂျာမန်လွှတ်တော် Bundestag သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင် Willy Brandt ဆုတံဆိပ် လက်ခံရယူမည်ဖြစ်ပြီး ဂျာမနီရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ထို့နောက် ဧပြီ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ပြင်သစ်သမ္မတ H.E.Mr Francois Hollande အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံခြင်း၊ ပြင်သစ်လွှတ်တော်သို့ သွားရောက်လေ့လာခြင်းများပြုလုပ်ရန် အစီအစဉ်ရှိပါသည်။

အဆိုပါခရီးစဉ်မှာ ဧပြီ ၁၆ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်တို့ လိုက်ပါသွားကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံတွင် လက်ခံရယူမည့် Willy Brandt ဆုသည် ဂျာမနီနိုင်ငံမှ ထင်ရှားကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် Willy Brandt ကိုဂုဏ်ပြုပေးအပ်သော ဆုတစ်ဆုဖြစ်သည်။

အဆိုပါဆုသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုကို အထောက်အပံ့ပေးသော ပုဂ္ဂိုလ်များကို ပေးအပ်သောဆုလည်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဥရောပနိုင်ငံများသို့ အများဆုံးသွားရောက်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံများသို့လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဥရောပငါးနိုင်ငံခရီးစဉ်အဖြစ် ဘယ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီခရီးစဉ်ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် သြစတေးလျနိုင်ငံသို့လည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကာတာနိုင်ငံသို့လည်းကောင်း အသီးသီး သွားရောက်ခဲ့သည်။
Eleven Media Group