ရဲစခန်းခြံစည်းရိုးနှင့် ခြောက်ပေအကွာနေရာတွင် ပေါက်ကွဲရန် သက်ဝင်နေသည့် ဗုံးတစ်လုံးတွေ့ရှိ

ပို့စ်တင်ချိန် - 4/09/2014 08:46:00 AM


သတင်း၊ ကိုတိုးကြီး
တမူး၊ ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ(၁၃)ရပ်ကွက်၊ တမူး - စေတီ ကားလမ်းအနီးရှိ နန်းဖာလုံ နယ်မြေရဲကင်းစခန်း ၏ ခြ့စည်းရိုးနှင့် ခြောက်ပေအကွာတွင် ယခုလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်က ပေါက်ကွဲရန်အသင့် သက်ဝင်နေသည့် ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရကြောင်း အဆိုပါ ရဲစခန်းရှိ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

“ ရှေ့တန်းစစ်မြေပြင် ခမရ(၃၄၇)တပ်ရင်းမှူးနဲ့အဖွဲ့က အဲ့ဒီဗုံးကို လာရောက်စစ်ဆေးခဲ့ပါတယ်..။ ဗုံးက တရုတ်နိုင်ငံ လုပ် 91 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပါတယ်..။ ဗုံးမှာ စနစ်တံပါရှိပြီး လုံခြုံရေးပင်ကိုဖြုတ်ထားတဲ့အတွက် ပေါက်ကွဲရန် အသင့် အသက်ဝင်နေတဲ့ ဗုံးဖြစ်ပါတယ်..” ဟု အဆိုပါ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆက်လက်၍ ပြော ပြသည်။

အဆိုပါ လက်ပစ်ဗုံးတွေ့ရှိခဲ့ရသည့် ထိုနေ့မနက်ပိုင်းက တမူးမြို့ ၊ မြို့မ(၁၃)ရပ်ကွက်နေ ပုဂ္ဂလိက မီးစက်လုပ်သား ဦးသန်းဝင်းဆိုသူမှ ရဲစခန်းအနီးတွင် စတင်တွေ့ရှိခဲ့သဖြင့် ဗုံးအား ကောက်ယူခဲ့ပြီးနောက် ရဲစခန်းသို့ လာရောက်အပ် နှံခဲ့ခြင်းဖြစ်သည်။ ထိုသို့အပ်နှံခဲ့သည်ကို ၎င်းရဲစခန်းရှိ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး မျိုးသန့်မှ လက်ခံရယူခဲ့ကြောင်း မြို့ နယ်ထွေအုပ်ရုံးရှိ တာဝန်ကျဝန်ထမ်းတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“ ဗုံးကပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ရဲစခန်းရဲ့မြောက်ဘက်(၇)ပေခန့် အကွာနေရာမှာ မြေပြင်ပေါ်မှာချ ထားခဲ့ပြီး လုံခြုံမှုရှိစေအောင် ကားတာယာကွင်းကြီးများနဲ့ အဲ့ဒီဗုံးကိုစွပ်ထားခဲ့ပါတယ်…” ဟု နယ်စပ်ဒေသ စစ်ဘက် ရေးရာ အထူးတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့သည်။

ထို့နောက် ညနေ (၃)နာရီအချိန်တွင် ဗုံးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှေ့တန်းစစ်မြေပြင် ခမရ(၃၄၇)တပ်ရင်း မှူးနဲ့အဖွဲ့က အဆိုပါ ဗုံးအား ဖောက်ခွဲဖျက်စီးပစ်နိုင်ရန် ဘေးလွတ်ရာသို့ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ပြီးခဲ့သည့်လ ၂၄ ရက်၊ မနက် ၉ နာရီက ချိန်ကိုက်မိုင်းဟု မသင်္ကာဖွယ်ရာ ဗုံးလန့်မှုသတင်းတစ်ရပ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ အဆိုပါ ချိန်ကိုက်မိုင်းဟု သံသယဖွယ်ရာပစ္စည်းသည် ယင်းမာပင်မြို့၊ ပုလဲ - ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၁၆/၀ မိုင်တိုင်၏ မြောက်ဘက် လမ်းဘေးကျောက်ခဲပုံ ပေါ်တွင် ဂျာနယ်စက္ကူဖြင့် ဖုံးအုပ်ထားရှိသည်ကို ယင်းမာပင်မြို့၊ (ဂ)တိုးချဲ့ရပ်ကွက်နေ အဏ္ဏ၀ါစားသောက်ဆိုင်ပိုင်ရှင် ကိုတင်ထွန်းဝင်း ဆိုသူမှ ထို့နေ့မနက် ပိုင်းက စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိ ရှိရသည်။

ကိုတိုး ချင်းတွင်း