မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌရာထူးအတွက် ကင်မ်ဂျုံအန်းကို ရွေးချယ်

ပို့စ်တင်ချိန် - 4/09/2014 05:37:00 PM



မြောက်ကိုရီးယား လွှတ်တော်အစည်းအဝေးအတွင်း လက်ရှိ အာဏာရ အလုပ်သမားပါတီ ရဲ့ အမျိုးသားကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌရာထူးအတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြန်ပြီး ရွေးကောက် တင်မြှောက်ခံရပါတယ်။

၁၃ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးအတွင်း ခုလို ရွေးကောက် တင်မြှောက်ခဲ့တာလို့ မြောက်ကိုရီးယားအစိုးရပိုင် ကေအာရ်တီမီဒီယာက ဧပြီ ၉ ရက်က ကြေညာပါတယ်။

ဧပြီ ၈ ရက်နေ့က ကျင်းပတဲ့ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အစည်းအဝေးကို ကင်မ်ဂျုံအန်း တက်ရောက်နေပုံတွေကိုလဲ ကေအာရ်တီက ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ထုတ်လွှင့်ပြသပါတယ်။

မြောက်ကိုရီးယားဟာ ကင်မ်ဂျုံအန်းကို ပထမဆုံး ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ပထမအကြိမ် ရွေးကောက်တင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအီ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ရုတ်တရက် ကွယ်လွန်အပြီး ရွေးကောက်တင်မြှောက်ခဲ့တာလဲ ဖြစ်ပါတယ်။

လွှတ်တော်ကို တင်သွင်းခဲ့တဲ့ တိုင်းပြည်ခေါင်းဆောင်အဖွဲ့ ဖွဲ့စည်းရေးအတွက် အဆိုပြုချက်ကို ဆွေးနွေးအပြီး ပါတီဝင်တွေက သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို တညီတညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့တာလို့ မြောက်ကိုရီးယားသတင်းဌာန ကေစီအန်အေက ဆိုပါတယ်။

ဧပြီ ၈ ရက်နေ့ကတော့ မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံရဲ့ လုံခြုံရေး ခေါင်းဆောင်တွေအပါအ၀င် ထိပ်တန်း အစိုးရအရာရှိ ၁၁ ယောက်ကို ထောင်ချ သေဒဏ်ပေးခဲ့တယ်လို့ တောင်ကိုရီးယားသတင်းစာကို ကိုးကားပြီး အမေရိကန်အခြေစိုက် သတင်းမီဒီယာတွေက အစီရင်ခံပါတယ်။

အလုပ်သမားပါတီဝင် ရာထူးနိမ့် အရာရှိအယောက် ၁၀၀ လောက်ကတော့ အလုပ်ထုတ်ခံရတယ်လို့ အမည်မဖော်လိုသူ အရာရှိတယောက်ကို ကိုးကားပြီး တောင်ကိုရီးယားရဲ့ သချိုစန်အီဘိုသတင်းဌာနက အစီရင်ခံပါတယ်။

သီးခြားအစီရင်ခံစာတစောင်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ မနှစ်က သေဒဏ်ပေးခံရတဲ့ ဦးလေး ဂျန်ဆောင်တိတ်ကို သစ္စာခံတဲ့ အဆင့်မြင့်အရာရှိ အယောက် ၂၀၀ လောက်ကို ကွပ်မျက်ဖို့ ရှိပြီး မိသားစုဝင်အယောက် ၁ ထောင်လောက်ကို အလုပ်ကြမ်းစခန်းကို ပို့မယ်လို့ သတင်းစာက အစီရင်ခံပါတယ်။

မြောက်ကိုရီးယား ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အိုဟန်ဟွန်ကိုတော့ မီးသေနတ်နဲ့ အရှင်လတ်လတ် မီးလောင်တိုက်သွင်း သေဒဏ်ပေးခဲ့တယ်လို့လဲ အစီရင်ခံ ထားပါတယ်။

သူဟာ အစိုးရဌာနကို ကိုယ်ပိုင် ကာကွယ်ရေး ၀န်ဆောင်မှုအဖွဲ့လို အသုံးချတယ်လို့ စွပ်စွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်က ရှင်းပြပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကိုတော့ သီးခြား လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။


DVB Burmese