ထိုင်းတွင် ရထားတိုက်သေဆုံးသူ မြန်မာအလုပ်သမားတစ်ဦးအတွက် ဂရုဏာကြေး ကျပ်သိန်း ၂၆သိန်းကျော်ပေးအပ်

ပို့စ်တင်ချိန် - 4/09/2014 10:29:00 PM




နန်းမြင့်

ရန်ကုန်၊ မဇ္ဈိမ

ထိုင်းနိုင်ငံတွင် ရထားတိုက်၍ သေဆုံးသူအလုပ်သမား မောင်ဘိုဆန်း၏ ဂရုဏာကြေး ကျပ်၂၆သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁၀၀ကို ဇနီးဖြစ်သူအား ပေးအပ်ပွဲကို ဧပြီလ ၉ရက်က အလုပ်သမားညွန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်ရန် တစ်ခုတည်းသော မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ယူဆောင်ရွက်မှုဖြင့် Italian Tian Construction Co.Ltd တွင် တာဝန်ထမ်းဆောင်ခဲ့သော မောင်ဘိုဆန်း TA 123126 သည် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၃ရက်က ထိုင်းနိုင်ငံတွင် ရထားတိုက်၍ သေဆုံးခဲ့သည်။

အလုပ်သမား ညွန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က “အလုပ်လုပ်ချိန်မှာပဲ လုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ မတော်တဆလုပ်ငန်းချိန်ပြင်ပမှာ ထွက်သွားရင်းရထား တိုက်သေဆုံးခဲ့တယ်” ဟု ပြောသည်။

အဆိုပါသေဆုံးသူ မောင်ဘိုဆန်းကို မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ကုမ္ပဏီမှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ MOU စနစ်ဖြင့် စေလွတ်ပေးရာ ထိုင်းကုမ္ပဏီတွင် အလုပ်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ဆန်းတောကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းစန်းအေးက“ ထိုင်းကိုသွားတာ ၆လပဲရှိသေးတယ်။ အဲဒီမတိုင်ခင် လယ်သမားလုပ်တယ်။ အဲဒီကို သွားတာ အိမ်က ရှိတဲ့ နွားတစ်စင်းရောင်းသွားတယ်။ သူက ပိုက်ဆံ ၇သိန်းပို့ခဲ့တယ်။ ဒီလိုဖြစ်မယ်ဆိုရင် ဘယ်လွတ်မလဲ”ဟုပြောသည်။

အလုပ်သွားရောက်လုပ်ကိုင်ရန် တစ်ခုတည်းသော မိုးကုတ်စက်ဝိုင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးချားစ်မျိုးသန့်က “MOU နဲ့တင်မဟုတ်ဘဲနဲ့ အပြင်က သွားလာသူတွေ ဖြစ်ခဲ့လို့ရှိရင် အေဂျင်စီတွေက သံရုံးတွေနဲ့ ဆက်သွယ်ပြီး ရသင့်ရထိုက်တာကို ဆောင်ရွက်ပေးတယ်”ဟုပြောသည်။

အလုပ်သမား မောင်ဘိုဆန်း သေဆုံးမှုအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေးဥပဒေအရ ထောက်ပံ့ငွေ ဘတ်၄၀၀၊ လုပ်ဖော်ကိုင်ဖက်များမှ ထောက်ပံ့ငွေ ဘတ် ၃၁၀၃၁၊ လုပ်ခကျန်ငွေ ဘတ် ၇၈၀၀၊ စုစုပေါင်း ဘတ် ၇၈၈၃၁နှင့် ညီမျှသောမြန်မာကျပ်ငွေ ၂၃၂၄၀၀၀နှင့် အေဂျင်စီမှ ထောက်ပံ့ငွေ ကျပ်သုံးသိန်း စုစုပေါင်း ၂၆၂၄၀၀၀ နှင့် မြန်မာနိုင်ငံသို့ရောက်ရှိချိန် ထိုင်းနိုင်ငံ AMEG မှ ဧည်သည်တော်က အမေရိကန်ဒေါ်လာ ၁၀၀ကို ကျန်ရစ်သူဇနီး မစန်းစန်းအေးအား ပေးအပ်ခဲ့သည်။

Mizzima Burmese