MH370 လေယာဉ်ကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်များကို အားကောင်းလာပြီ

ပို့စ်တင်ချိန် - 4/09/2014 10:04:00 AM

လေယာဉ်၏ Black Box ကို ထောက်လှမ်းရှာဖွေသည့် ကိရိယာ

အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် သေတ္တာနက်မှ ထုတ်လွှင့်သည့် အချက်ပြလှိုင်းများ တသမတ်တည်း ရှိနေခြင်းက MH370 လေယာဉ်ကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်များကို အားကောင်းလာစေခဲ့ကြောင်း သိရသည်။ ရေအောက်မှ ထုတ်လွှင့်သည့် အချက်ပြလှိုင်း နှစ်ကြိမ်ကို လေယာဉ်ပျောက် ရှာဖွေသည့် အဖွဲ့များက ဖမ်းယူရရှိခဲ့ပြီး ယင်းသည် မတ်လ(၈)ရက်နေ့ ကတည်းက ပျောက်ဆုံးနေသည့် MH370၏ လေယာဉ်ပျံသန်းမှု သတင်းအချက်အလက်များ စုဆောင်းထားသော သေတ္တာနက်ထံမှ ထုတ်လွှင့်မှု ဖြစ်နိုင်လိမ့်မည်ဟု ပညာရှင်များက ယုံကြည်နေသည်။

“လက်ရှိ အခြေအနေကတော့ ကျွန်တော်တို့ရဲ့ ရှာဖွေရေး လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ တိုးတက်မှု အရှိဆုံး တုံ့ပြန်မှု တစ်ခုလို့ပဲ ပြောရပါလိမ့်မယ်”ဟု ဩစတြေးလျ ရေတပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းကပင် ဆက်လက်၍ “စမ်းတဝါးဝါး လိုက်ရှာနေတဲ့ တစ်ချိန်လုံးမှာ ဒါဟာ ကျွန်တော်တို့ ရရှိဖူးသမျှ အကောင်းဆုံး သဲလွန်စပါပဲ။ ခုဆိုရင် လွန်ခဲ့တဲ့ တစ်ပတ်ကထက်တော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းအပေါ် အကောင်းမြင် မျှော်လင့်လာနိုင်ပါပြီ”ဟုလည်း ဆိုသည်။ သို့သော်လည်း ယင်းထုတ်လွှင့်မှုသည် မလေးရှားလေကြောင်းပိုင် MH370ထံမှဖြစ်ကြောင်း သေချာသွားပါက လိုက်ပါသွားသူ (၂၃၉)ဦး၏ ကံကြမ္မာအတွက် မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားမည့် သဘောလည်း ဖြစ်သည်။

လေယာဉ်ပျက် ရှာဖွေရေး လုပ်ငန်းကို ဦးဆောင်နေသည့် ဩစတြေးလျ ရေတပ်အကြီးအကဲဟောင်း အန်းဂက်စ်ဟူစတန်က “Ocean Shield ရေယာဉ်ဟာ ထုတ်လွှင့်မှုလှိုင်းတွေ ဖမ်းယူနိုင်တဲ့ ကိရိယာကို ရေအောက်ထဲ ချခဲ့ပြီးတဲ့နောက် တသမတ်တည်း ဖြစ်နေတဲ့ အချက်ပြလှိုင်းတွေကို ဖမ်းယူရရှိခဲ့ပါတယ်။ ဒါဟာ လေယာဉ်ရဲ့ သေတ္တာနက်က ထွက်ပေါ်လာတာ ဖြစ်ဖို့များပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ “လောလောဆယ်တော့ ကျွန်တော်တို့ လေယာဉ်ကို ရှာမတွေ့သေးသလို နောက်ထပ် အတည်ပြုချက် ပေးစရာ တစ်ခုခုလည်း မရှိသေးပါဘူး”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ ထုတ်လွှင့်မှု (၂)ကြိမ်ကို ဖမ်းယူရရှိပြီး ပထမတစ်ကြိမ်သည် (၂)နာရီနှင့် မိနစ်(၂၀) ကြာမြင့်ကာ ဒုတိယတစ်ကြိမ်ကမူ (၁၃)မိနစ်မျှ ကြာမြင့်ကြောင်းလည်း သိရသည်။

(မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စင်း)
“ဒုတိယတစ်ကြိမ်မှာ ထင်ရှားတဲ့ မြည်သံနှစ်ခုကို သေသေချာချာ ကျွန်တော်တို့ ကြားခဲ့ရတယ်”ဟုလည်း ဟူစတန်က ဆိုသည်။ ၎င်းက “သေချာတာကတော့ ရှာဖွေမှုက အဆုံးမသတ်သေးပါဘူး။ ပြီးတော့ လုပ်ငန်းစဉ်အရလည်း အခက်အခဲတွေ အများကြီးတော့ ရှိသေးတယ်။ သမုဒ္ဒရာ ရေပြင်အောက်မှာ ဘာကိုမှ မြန်မြန်ဆန်ဆန် အလောတကြီး လုပ်လို့ မရနိုင်ဘူးလေ”ဟုလည်း ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခုကြေညာချက်က လေယာဉ်နှင့် ပတ်သက်ပြီး လမ်းစပျောက်နေသော ကာလများတစ်လျှောက်လုံး အကြီးမားဆုံး မျှော်လင့်စရာ အခြေအနေလည်း ဖြစ်လာသည်။ ရှာဖွေရေး အဖွဲ့များသည် ရေအောက်မှ အသံများကို ဖမ်းယူနိုင်သည့် နည်းပညာအား ပြီးခဲ့သည့် သောကြာနေ့ကမှ စတင်တပ်ဆင် အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

Ocean Shieldသည် သေတ္တာနက်၏ ဘက်ထရီသက်တမ်း မကုန်ဆုံးမီ ၎င်း၏ တည်နေရာကို ဖော်ထုတ်ရှာဖွေနိုင်ရန် အလေးအနက် မျှော်လင့်ထားသည်။ ရေအောက်မှ အချက်ပြလှိုင်းများ ဖမ်းယူရရှိနေသည့်တိုင် ရေမျက်နှာပြင်တွင် မည်သည့် အပျက်အစီး အစိတ်အပိုင်းကိုမျှ သဲလွန်စအဖြစ် မတွေ့ရသေးကြောင်းလည်း သိရှိရသည်။ ဩစတြေးလျ ရေတပ်က လေယာဉ်ပျက်ကို အားသွန်ခွန်စိုက် ရှာဖွေနေစဉ် အိန္ဒိယ သမုဒ္ဒရာ၏ အခြားအပိုင်းတစ်ရပ်တွင်လည်း ဗြိတိသျှ ရေတပ်သင်္ဘောတစ်စင်းက ရေအောက်အသံလှိုင်းများကို ဖမ်းယူရှာဖွေနေဆဲ ဖြစ်သည်။ တနင်္လာနေ့ ရှာဖွေရေးလုပ်ငန်းစဉ်တွင် စစ်ဘက်လေယာဉ် (၉)စင်း၊ အရပ်ဘက်လေယာဉ် (၃)စင်း၊ သင်္ဘော (၁၄)စင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet