တောင်ကြီးတွင်လည်း ပန်းစကးလှုပ်ရှားမှု စတင်

ပို့စ်တင်ချိန် - 4/09/2014 02:28:00 PM



ပုံစာ- ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီး ပန်းစကားလှုပ်ရှားမှုအဖြစ် “အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့”စာတမ်းပါ စတေကာများကို ဧပြီလ ၉ရက်က လိုက်လံဝေငှနေစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း)

ဂျွန်ချစ်ငြိမ်း| ဗုဒ္ဓဟူးနေ့၊ ဧပြီ ၉ရက်၊ ၂၀၁၄ခုနှစ်။

တောင်ကြီး၊ မဇ္ဈိမ။ ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)တွင် အမုန်းပွားစေသော ပြောဆိုမှု (Hate Speech) များကို ဟန့်တားနိုင်ရန် ရည်ရွယ်ကာ ၈၈ ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်)က ဦးဆောင်ပြီး လူသားအချင်းချင်း အမုန်းမပွားစေရေး ပန်းစကား လှုံ့ဆော်မှု တစ်ခုကို ဧပြီလ ၉ရက်က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ရှိ လ္ဘက်ရည်ဆိုင်များ၊ မြို့မဈေးနှင့် ဈေးရှေ့ ပလတ်ဖောင်းမှ ဈေးသွား၊ ဈေးလာ ပြည်သူများကို လူငယ်များက လူသားအချင်းချင်း “အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတန်းပါ စတေကာများ၊ ပြက္ဒဒိန်များနှင့် အမုန်းတရားကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ ရေးထားသော လက်ကမ်းစာစောင်များကို လိုက်လံဝေငှခဲ့သည်။

" အမုန်းပွားစေတဲ့ ပြောဆိုမှုတွေဟာ အမှောင်ထဲကနေ ပြောနေတဲ့ တရားမ၀င်စကားတွေဖြစ်တယ်။ ဒီလို လုပ်နေရင် တကယ်လုပ်နေကြတဲ့ ကောင်းကျိုးတွေကို ဖုံးလွှမ်းသွားမှာဆိုးတဲ့အတွက် အများပြည်သူတွေ
သိရှိအောင် လက်ကမ်းစာစောင်တွေ၊ စတေကာတွေ ဝေငှရခြင်းဖြစ်တယ်"ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ၈၈ ငြိမ်း/ ပွင့် (ရှမ်းပြည်)မှ တောင်ကြီး တာဝန်ခံ ဦးနေမျိုးက မဇ္ဈိမကို ပြောသည်။

ပန်းစကားနှင့်ပတ်သက်သည့် လှုံ့ဆောင်မှုကို တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမုန်းပွားစေသော ပြောဆိုမှုများ ပပျောက်ရန် အခြားသောနည်းလမ်းများဖြင့်လည်း ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းကဆိုသည်။

အဆိုပါ ပန်းစကားလုပ်ရှားမှုကို ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်သည့် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ အောင်ပန်း၊ ကလော၊ ဟဲဟိုး၊ ဖယ်ခုံမြို့တို့တွင် ဧပြီလ အတွင်း ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်ဟု ဦးနေမျိုးက ဆိုသည်။

ဧပြီလ ၈ရက်ကလည်း ပန်းစကားလှုပ်ရှားမှုကို မန္တလေး၊ ပခုက္ကူ၊ လားရှိုးနှင့် မုံရွာမြို့များတွင် လုပ်ဆောင်ခဲ့သည်။

Mizzima Burmese