ကွန်ပျူတာသုံးမြန်မာစာစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ယူနီကုတ်စနစ်ကို အထောက်အပံ့ပြုရန် လိုအပ်ဟု ဂူဂဲလ်မန်နေဂျာဆို

ပို့စ်တင်ချိန် - 4/09/2014 10:31:00 PM



မောင်မန်း

ရန်ကုန်၊ ဧပြီ ၈

အချက်အလက်များကို မြန်မာဘာသာဖြင့် ရှာဖွေနိုင်သော Google.com.mm တွင် Myanmar Unicode စနစ်ကို အသုံးပြုထားသောကြောင့် ယင်းစနစ် ပိုမိုကောင်းမွန်စေအတွက် အထောက်အပံ့ပေးရန် လိုအပ် သည်ဟု Google ၏ Senior Product Manager ဖြစ်သူ Mr. Andrew Mc Glinchey က ပြောသည်။

၎င်းက ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ကျင်းပပြုလုပ်သည့် Net Monday Seminer တွင် ပြောခဲ့ခြင်းဖြစ်သည်။

Mr.Andrew Mc Glinchey က “မြန်မာနိုင်ငံက Google မှာရှာဖွေတဲ့နေရာမှာ မြန်မာဘာသာကို အသုံး ပြုနိုင်ဖို့ google.com.mm ကို လုပ်ထားပါတယ်။ Google မှာ Unicode ကိုသုံးမယ်။ Unicode က မြန်မာ နိုင်ငံအတွက် အရေးပါပါတယ်။ Unicode ကို ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာကို မေးခွန်း ထုတ်ချင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိမြန်မာစာစနစ်ကို အချင်းချင်းဆက်သွယ်ရန်အတွက်သာ အသုံးပြုနေပြီး အခြား နေရာများတွင် အသုံးပြုမှုနည်းပါးသဖြင့် မြန်မာယူနီကုတ်အား အသုံးပြုမှုနည်းပါးခြင်းသာဖြစ်ပြီး မြန်မာယူ နီကုတ်အနေဖြင့် စံသတ်မှတ်ချက်တစ်ခုတွင် ရောက်ရှိပြီးဖြစ်သည်ဟု Unicode ကုမ္ပဏီ၏ Web Application ဌာနက Department Manager ကိုအိမောင်က မဇ္ဈိမကို ပြောသည်။

ကိုအိမောင်က “Unicodeအပေါ်အခြေခံပြီး Font တွေအများကြီးလည်း ရှိနေပါပြီ။ Input System က လည်း လက်ကွက်တွေ အများကြီးရှိပါတယ်”ဟု ဆိုသည်။

ကွန်ပျူတာသုံးမြန်မာစာစနစ် တိုးတက်လာစေရန်အတွက် ပြည်တွင်းနည်းပညာလုပ်ငန်းများအားလုံးမှ ၀ိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ပြီး အင်တာနက်မှရှာဖွေခြင်း အစရှိသည့် လုပ်ဆောင်ရမည့်စနစ်များတွင် မြန်မာစာစနစ် ပိုမိုတိုးတက်လာရန်အတွက် လုပ်ဆောင်မည့် သီးသန့်အဖွဲ့အစည်းတစ်ရပ် ရှိလာလျှင် အဆင်ပြေနိုင်မည်ဟုလည်း ကိုအိမောင်က သုံးသပ်သည်။

ကိုအိမောင်က “ဆက်သွယ်မှုတစ်ခုကြောင့်အပြင် လေးနက်တဲ့နေရာတွေမှာ သုံးမယ်ဆိုရင် ကွန်ပျူတာ သုံးမြန်မာစာစနစ် ပြောင်းလဲသွားနိုင်ပါတယ်”ဟု ဆိုသည်။

ပြည်တွင်းတွင် မြန်မာစနစ်ကို ဇော်ဂျီနှင့် ယူနီကုတ်နှစ်မျိုးကို အဓိကအသုံးပြုကြပြီး သာမန်ဆက်သွယ်ရေး အတွက် အသုံးပြုသူများအနေဖြင့် ဇော်ဂျီစနစ်ကိုသာ အသုံးပိုများသည်။ ပိုမိုကောင်းမွန်သည့် မြန်မာစာ စနစ်တစ်ခုဖြစ်လာစေရန်အတွက် လက်ရှိအသုံးပြုနေသည်များနှင့်မတူသည့် အသစ်တစ်ခုဖန်တီးရန် လို အပ်သည်ဟုZawgyi စနစ်ကိုရေးဆွဲသည့် Alpha ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးရဲမြတ်သူက မဇ္ဈိမ ကို ပြောသည်။

ဦးရဲမြတ်သူက “လက်ရှိမှာ Google မှမဟုတ်ပါဘူး Facebook ကိုလည်း မြန်မာစာစနစ်နဲ့ အသုံးပြုလို့ရ ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေရှိနေတဲ့အတွက် အင်္ဂလိပ်ဘာသာနဲ့ပဲ သုံးနေကြတာပါ။ ပိုပြီးကောင်း မွန်တဲ့စနစ်တစ်ခုဖြစ်လာဖို့ဆိုရင် လက်ရှိသုံးနေတာတွေမဟုတ်တဲ့ အသစ်တစ်ခုလိုပါတယ်။ နှစ်ခုလုံးက တော့ လိုအပ်ချက်တွေ ရှိနေပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုအများစုသည် မိုဘိုင်းဖုန်းမှ အသုံးပြုနေခြင်းဖြစ်ပြီး ပြည်တွင်းရှိ မို ဘိုင်းဟန်းဆက်များတွင် ဇော်ဂျီမြန်မာစာစနစ်ကိုသာ အသုံးပြုနိုင်သေးသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြု မှုများပြားလာသည်နှင့်အမျှ Google မှတဆင့် အချက်အလက်များ ရှာဖွေခြင်း ပိုမိုများပြားလာနိုင်ပြီး မြန်မာစာအသုံးပြုထားသည့် အချက်အလက်များ ပိုမိုများပြားလာစေရန် ဆောင်ရွက်ရန်လိုအပ်သည်ဟု Google မှ Senior Product Manager ဖြစ်သူ Mr. Andrew Mc Glinchey က သုံးသပ်ခဲ့သည်။

Mizzima Burmese