လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော် တည်ဆောက်ရေးလုပ်ငန်းများစတင်

ပို့စ်တင်ချိန် - 4/09/2014 05:41:00 PM


ကိုတိုးကြီး

ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းမှ
တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ပြောင်းရွှေ့တည်ထားမည့် နေရာသစ်တွင် ဧပြီ ၉ ရက် နံနက်ပိုင်းက မြေသန့်မင်္ဂလာနှင့်
အတူ တည်ဆောက်ရေး လုပ်ငန်းများ စတင်လိုက်ပြီး စေတီတော်ကို “လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော်ကြီး”
ဟူသော ဘွဲ့တော်ဖြင့် တည်ထားသွားမည်ဟု ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ
ဝန်ထမ်းတစ်ဦးကပြောသည်။

စေတီတော်နှင့် သိမ်တော်ပြောင်းရွှေ့မည့် နေရာသစ်ဖြစ်သည့် စီမံကိန်းဝင်းအတွင်း မုံရွာ-ယင်းမာပင်- ဂန့်ဂေါ လမ်း ကျော်ရွာ
အနီး(ဧရာဂိတ်)တွင် ကနဦးပြင်ဆင်မှုများနှင့် အတူ အကြိမ်ကြိမ်မြေသန့် မင်္ဂလာပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ဒီကနေ့မနက် ၇ နာရီအချိန်က အသစ်တည်ဆောက်မယ့် နေရာမှာ ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အသစ် တည်ဆောက်မယ့်
စေတီရဲ့ဘွဲ့အမည်ကတော့ လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော်ပဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းတစ်ဦး ကဧပြီလ ၉ ရက်က ပြောသည်။

လက်ပံတောင်းတောင် ဓာတ်ပေါင်းစု မဟာစေတီတော်၏ ပန္နက်တင်အခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဒုဝန်ကြီးဦးစိုးဝင်းနှင့်အဖွဲ့ တက်ရောက်ကာ နံနက် ၅ နာရီအချိန်တွင် ပင့်သံဃာ ၂၇ ပါးကို အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး
နံနက် ၇ နာရီတွင် စေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

Mizzima Burmese