တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာဟု ဆိုသော်လည်း ဈေးနှုန်းများ ကြီးမြင့်နေမှုကို လျှော့ချပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌် အဆိုတင်သွင်းမည်

ပို့စ်တင်ချိန် - 4/09/2014 10:34:00 AM

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်နေသည့် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

ကျော်ထင်

တန်ဖိုးနည်း တန်ဖိုးမျှတအိမ်ရာများဟု ဆိုသော်လည်း ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် လျှော့ချပေးရန် ဧပြီ ၂၃ ရက်မှ စတင်ပြုလုပ်မည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တန်ဖိုးမျှတအိမ်ရာများ အကောင်အထည်ဖော်နေရာ ရောင်းချပေးမည့် အိမ်ရာဈေးနှုန်းများမှာ အခြေခံလူတန်းစား ပြည်သူများ မျှော်မှန်းထားသည့် ဈေးနှုန်းများမဟုတ်ဘဲ လက်လှမ်းမမီသည့် ဈေးနှုန်းများ ဖြစ်နေသည်။

“တန်ဖိုးနည်းဆိုပြီး ဈေးနှုန်းတွေက ကြီးနေပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်သွင်းဖို့ ရှိတယ်။ သိရသလောက် အစိုးရက တန်ဖိုးနည်းအိမ်ရာတွေဆောက်ဖို့ ငွေကျပ် ၁၆ ဘီလျံလောက် အကုန်အကျခံ ဆောက်မယ်လို့ပြောတယ်။ အစိုးရက ဆောက်ရဲ့သားနဲ့ ဘာဖြစ်လို့ ဈေးနှုန်းကို မလျှော့ချပေးနိုင်ရတာလဲ။ သူတို့အနေနဲ့ ဒီဈေးနှုန်းကို မလျှော့ချနိုင်ရင်လည်း ချေးငွေနဲ့ အရစ်ကျပေးရမယ့် ကာလကို နှစ် ၂၀ လောက်အထိ သတ်မှတ်ပေးဖို့ တင်ပြမယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှာလည်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ရှိမည်ဟု သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်နေသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများမှာလည်း အနည်းဆုံး ကျပ် ၂၃၇ သိန်းမှ စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

အဆိုပါ အိမ်ရာများအား ဘဏ်ချေးငွေဖြင့် ၀ယ်ယူပါကမူ နောက်ဆုံးလေးနှစ် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သည်ဟု သတ်မှတ်ထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရောင်းချသည့် တန်ဖိုးမျှတအိမ်ရာတွင် အခန်းဈေးနှုန်း ၂၃၇ သန်းရှိသော အခန်းအား ဘဏ်ချေးငွေလေးနှစ် အရစ်ကျဝယ်ပါက ကျပ် ၂၇၉ သိန်းကျော် ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားသည်။

တန်ဖိုးနည်း တန်ဖိုးမျှတဟုဆိုသည့် အိမ်ရာများ ဆောက်လုပ်ထားသည့် မြို့နယ်နေရာနှင့် ရောင်းချပေးမည့် ဈေးနှုန်းများနှိုင်းယှဉ်က များစွာကွာဟနေပြီး ယင်းဈေးနှုန်းများဖြင့် အချက်အချာကျလာသော သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ စသည့်နေရာများ၌ပင် အသင့်တင့်ကောင်းမွန်သည့် တိုက်ခန်းများပင် ၀ယ်ယူနိုင်သည်ဟုလည်း အများပြည်သူအကြား ဝေဖန်သံများ ထွက်နေသည်။

တန်ဖိုးနည်းတန်ဖိုးမျှတ အိမ်ရာများကို ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များအား တာဝန်ယူဆောက်လုပ်စေပြီး ယင်းစီမံကိန်းများမှာ ပြည်သူအတွက် အကျိုးရှိမည့် စီမံကိန်းလား၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည့် စီမံကိန်းလား ဆိုသည်ကိုလည်း ပြည်သူအများစုက မေးခွန်းထုတ်နေကြသည်။
Eleven Media Group