ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်သော သတင်းဖော်ပြမှုအတွက် Eleven Media Group အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် အကြောင်းမရှိကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းပြန်ကြား

ပို့စ်တင်ချိန် - 6/12/2014 08:18:00 PM



ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်ပြီး သတင်းဖော်မှုအတွက် Eleven Media Group အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် မရှိကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)သို့ အကြောင်းအကြောင်းပြန်ခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဇွန် ၉ ရက် ရက်စွဲဖြင့် Eleven Media Group သို့ပေးပို့ခဲ့သော အကြောင်းကြားစာတွင်“၂ဝ၁၄ ခုနှစ် ဇွန် ၂ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်ပါ “အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ရန် ခွင့်ပြုနေသလား” ဟူသော မျက်နှာဖုံးသတင်း၊ အတွင်းစာသားပါ ဖော်ပြချက်သည် ပြန်ကြားရေးဝန်ကြီးဌာန နှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းနှင့် ယင်းအတွက် ရေးသားချက်များကို သက်ဆိုင်ရာဂျာနယ်မှ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်စား ဦးဝင်းဇော်ဌေး (ညွှန်ကြားရေးမှူး-စီမံ) က အကြောင်းကြားစာ ပေးပို့လာပါသည်”ဟုဖော်ပြခဲ့သည်။ ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရန်အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ ကြွရောက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီ (ယာယီ) က ပေးပို့လာသောစာကို Eleven Media Group က အကြောင်းပြန်ကြားခဲ့ပြီး ထိုစာတွင်-

(၁) စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အကြောင်းကြားစာပေးပို့မှုမှာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည့် အကြောင်းအရာကို The Daily Eleven သတင်းစာက တုံ့ပြန်ရေးသားပြီးနောက် အချိန်တစ်ရက်ခြားကာ အလျင်အမြန်ရောက်ရှိလာခြင်း ဖြစ်သည်။ ယခင်ဖြစ်ပွားခဲ့သည့် မီဒီယာအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များမှာပင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုင်တွယ်ဆောင်ရွက်မှုမှာ ယခုကိစ္စကဲ့သို့ အလျင်စလို ဆောင်ရွက်ခြင်းမရှိခဲ့သဖြင့် ပေးပို့လာသော အကြောင်းကြားစာနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့၏ ဆက်ဆံရေးကို မိမိတို့အနေဖြင့် သံသယရှိကြောင်း ဝမ်းနည်းစွာဖြင့် ယူဆပါသည်။

(၂) Weekly Eleven သတင်းဂျာနယ်ပါ သတင်းနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နောက်တစ်နေ့ထုတ် The Daily Eleven သတင်းစာ၌ ဖော်ပြခဲ့သောသတင်းတွင်ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများ၌ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြစ်စေသော ကွဲလွဲမှုများကို အချက်အလက်များဖြင့် ထပ်မံဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှုကော်မရှင်ထံသို့လည်း ဇွန် ၉ ရက် ရက်စွဲ၊ စာအမှတ် ၁ဝ၇/Admin/ ၂ဝ၁၄ ဖြင့် “ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများတွင် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာမှု ရှိမရှိ စုံစမ်းစစ်ဆေးပေးပါရန်” မိမိတို့ က တိုင်ကြားစာပေးပို့ထားပြီး ဖြစ်သည်။

(၃) ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများတွင် ပြည်သူ့ဘဏ္ဍာငွေ နစ်နာစေသော အထောက်အထားများ မိမိတို့ထံတွင် အခိုင်အမာရှိထားပြီးဖြစ်ပါသဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် အမှန်တရားဘက်မှ ရပ်တည်ရန်လိုအပ်ကြောင်း အကြံပြုလိုသည်။

(၄) ထို့ပြင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေနှင့် အခြားကောင်စီဝင်အချို့သည် The Voice Daily က ဝယ်ယူခဲ့သော ပုံနှိပ်စက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝယ်ယူခဲ့သည့် ပုံနှိပ်စက်ကဲ့သို့ Web Offest ဖြစ်ခြင်းကြောင့် ထိုပုံနှိပ်စက် ဝယ်ယူမှုဈေးနှုန်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝယ်ယူခဲ့သော ပုံနှိပ်စက်ဈေးနှုန်းများကို နှိုင်းယှဉ်ချိန်ဆနိုင်ပါသည်။

(၅) သို့ဖြစ်ပါ၍ စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာန က တောင်းဆိုခဲ့သော “သက်ဆိုင်ရာဂျာနယ်မှ ပြင်ဆင်နိုင်ရေးအတွက်”ဆိုသည့် အချက်အပေါ် လုံးဝ (လုံးဝ) ပြင်ဆင်ပေးမည်မဟုတ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်လည်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် အကြောင်းမရှိကြောင်း ပြန်ကြားအပ်ပါသည် ... အစရှိသဖြင့် ဖော်ပြပါရှိခဲ့သည်။

“ပြန်ကြားရေးက Orient အမျိုးအစား ပုံနှိပ်စက်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဝယ်နေခဲ့တာပါ။ အခုသူတို့ ဝယ်ယူခဲ့တဲ့ အိန္ဒိယကုမ္ပဏီ The Printers House(P) Ltd. က ကျွန်တော်တို့ဆီကိုလည်း စက်တွေဝယ်ဖို့လာပြီး ကမ်းလှမ်းဖူးပါတယ်။ ဒါကြောင့် ပြန်ကြားရေးကဝယ်ယူတဲ့ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အခုသူတို့ ဒေါ်လာခုနစ်သိန်းနဲ့ ဝယ်ထားတယ်ဆိုတဲ့ Orient အမျိုးအစား 4 Hi Tower 4 Unit စက်ဟာ သာမန်ပေါက်ဈေးထက် နှစ်ဆ သုံးဆများနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအပြင် တခြားအချက်အလက်တွေ အသေးစိတ်ရနိုင်ဖို့ စုံစမ်းမှုတွေလုပ်နေပါတယ်။ အိန္ဒိယမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ သတင်းမီဒီယာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်တွေကို လိုအပ်တဲ့အချိန်မှာ အများပြည်သူကို ချပြသွားဖို့ရှိပါတယ်”ဟု Eleven Media Group ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့် က ပြောကြားသည်။

ဇွန် ၉ ရက် ရက်စွဲ၊ စာအမှတ် ၁ဝ၇/ Admin/၂ဝ၁၄ ဖြင့် လာဘ်ပေးလာဘ်ယူမှု ကော်မရှင်ထံသို့ Eleven Media Group က ပေးပို့ခဲ့သောတိုင်ကြားစာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဝယ်ယူခဲ့သော ပုံနှိပ်စက်ဝယ်ယူမှုများ၌ ဈေးနှုန်းအဆမတန်ကွာဟမှုများ ရှိနေပြီး နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာမှုများဖြစ်ပေါ်နေကြောင်းနှင့် အဆိုပါကိစ္စရပ်ကို အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာဖြင့် လိုအပ်သလိုစုံစမ်းစစ်ဆေး အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်သော တိုင်ကြားစာများကို မကြာမီက ပြဌာန်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၁) ပုဒ်မ ၃ (ဂ) အရ လာဘ်ပေး၊ လာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာခြင်းဆိုသည်မှာ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ လာဘ်ပေးလာဘ်ယူမှုဖြင့် ငွေးကြေးနှင့်ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့်သော်လည်ကောင်း၊ ပေးရန် တာဝန်များ လျှော့ချခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးနှင့်ပစ္စည်းများကို မတရားရယူခြင်းကြောင့်သော်လည်ကောင်း ကြွယ်ဝချမ်းသာလာခြင်းကိုဆိုလိုကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအခန်း (၉) ပုဒ်မ (၅၁)၌ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခေါင်းစဉ်အောက်၌ ပုဒ်မ (၅၂) အရ ကော်မရှင်၏ တာဝန်ပေးချက်အရ ပဏာမစိစစ်ရေးအဖွဲ့သည် ဤဥပဒေနှင့်အညီ လိုအပ်သောသက်သေခံအချက်များရယူပြီး အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် သင့်၊ မသင့်သဘောထားမှတ်ချက်ဖြင့် စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်သို့ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ကော်မရှင်သည် ပဏာမစစ်ဆေးရေအဖွဲ့ တင်ပြခဲ့သည့် စိစစ်တွေ့ရှိချက် အစီရင်ခံစာကိုစိစစ်ပြီး အဆိုပါငွေကြေးနှင့် ပစ္စည်းများသည် ပုဒ်မ (၅၃ က) အရ လာဘ်ပေး၊ လာဘ်ယူမှုဖြင့် ရရှိသောငွေကြေးနှင့် ပစ္စည်းများဖြစ်ကြောင်း သက်သေထင်ရှားပေါ်ပေါက်လျှင် အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်အမိန့် ချမှတ်ရမည်ဟူ၍ ဖြစ်သည်။

အဆိုပါဥပဒေ၏ အခန်း (၁ဝ) ၌လည်း လာဘ်ပေးလာဘ်ယူ၏ ပြစ်မှုနှင့် ပြစ်ဒဏ်အကြောင်းပါရှိပြီး ပုဒ်မ (၅၅) အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမည်သူ မဆို လာဘ်ပေး၊ လာဘ်ယူမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ဆက်လက်၍ ပုဒ်မ (၅၆) အရ နိုင်ငံရေးရာထူးလက်ရှိသူဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁ဝ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။ ပုဒ်မ (၆၁) တွင် မည်သည့်လုပ်ပိုင်ခွင့်အာဏာရှိသူမဆို ဤဥပဒေအရ ကော်မရှင်က သတ်မှတ်သည့် အချိန်ကာလအတွင်း ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်ဆိုင်ရာအထောက်အထားများကို တင်ပြရန် တမင်ပျက်ကွက်ကြောင်း (သို့မဟုတ်) ယင်းအထောက်အထားများကို မမှန်မကန်တင်ပြကြောင်း (သို့မဟုတ်) အချက်အလက်များကို ထိမ်ချန်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုရသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးသည့်အတွက် ဖော်ထုတ်အရေးယူနိုင်သည့် ကိစ္စတွင် သတင်းပေးသူအား လိုအပ်သော အကာအကွယ်ပေးခြင်းနှင့် သတ်မှတ်သော ဆုငွေချီးမြှင့်ခြင်းကို ကော်မရှင်၏ လုပ်ပိုင်ခွင့်များထဲတွင် ထည့်သွင်းထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ (ဈ) တွင် ပြဌာန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ကာလစည်းကမ်းကို ကန့်သတ်ထားခြင်းမရှိသဖြင့် အချိန်မရွေး တရားစွဲဆိုနိုင်သည်ကို တွေ့ရသည်။ထို့ကြောင့် အစိုးရအဖွဲ့ပြောင်းလဲသွားသော်လည်း နောက်အစိုးရများလက်ထက်တွင် ယခင်အစိုးရလက်ထက်မှ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ခဲ့ပါက အရေးယူနိုင်သေးသည်ကိုလည်း တွေ့ရသည်။

ထို့အတူ အများနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ခိုးခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်ပါက အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရသည်။

အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ အရ အများနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ခိုးခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်ထက် မနည်းသည့် ထောင်ဒဏ်ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 Eleven Media Group