မန္တလေး နည်းပညာ တက္ကသိုလ်တွင် ကျောင်းအ၀င်ထွက် ယာဉ်ဝင်ကြေး ကောက်ခံနေမှုအပေါ် ကျောင်းသား အများစု မကျေနပ်

ပို့စ်တင်ချိန် - 6/12/2014 09:31:00 AM



မန္တလေး၊ အိုးဘိုရပ်ရှိ နည်းပညာ တက္ကသိုလ်တွင် ကားနှင့် မော်တော်ဆိုင်ကယ်ဝင်ကြေးများ ကောက်ခံ နေမှုများအား ကျောင်းသား ကျောင်းသူများက မကျေမနပ် ဖြစ်လျက်ရှိကြောင်း သိရသည်။

“ငွေကောက်ခံနှုန်းတွေက ကားတစ်စီးကို၊ ကျပ်၂၀၀နဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၁၀၀ ကောက်နေပါတယ်၊ ဘယ်သူက ဘယ်လိုနေရာမှာ သုံးမယ့် ရန်ပုံငွေ အတွက် ကောက်ခံနေမှန်းလည်း မသိရပါဘူး” နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောခဲ့သည်။

ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် အပါအ၀င် မည်သည့် တက္ကသိုလ်ကမှ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရန် ကျောင်းသို့ကား၊ ဆိုင်ကယ်ဖြင့် လာရောက်ခြင်းကို ငွေကြေး ကောက်ခံခြင်း မရှိသော်လည်း မန္တလေး နည်းပညာ တက္ကသိုလ်က တစ်မူထူးပြီး ယခုကဲ့သို့ ငွေကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီထက်ပိုဆိုးတာက တစ်ခါဝင်တိုင်း ပိုက်ဆံပေးရတယ်။ ကျောင်းအပြင်မှာ ဆိုင်ကယ်တွေ ကားတွေ အပ်တာ လက်ခံတဲ့သူလည်း ရှိသေးတယ်။ အပြင်မှာ မအပ်လို့ အထဲဝင်ရင် ပိုက်ဆံကောက်တာဆိုပြီး အကြောင်းပြတယ်။ အ၀င်ဝကနေ စာသင်ခန်း အထိက အဝေးကြီးလေ၊ နေပူထဲမှာ လမ်းလျှောက်ရတာ အဆင်မပြေလို့ ကားတွေ ဆိုင်ကယ်တွေနဲ့ ၀င်ရတာလေ။ တက္ကသိုလ်ထဲ အထိလာပြီး စီးပွားရှာစားတာတော့ မသင့်တော်ဘူး ထင်တာပဲ၊ ကျောင်းသားတွေနဲ့ အဲဒီ ငွေကောက်တဲ့ သူတွေနဲ့လည်း ခဏခဏ ပြဿနာတက်တယ်”ဟု ကျောင်းသား တစ်ဦးက Tomorrowသို့ ရင်ဖွင့် ပြောကြားသွားသည်။

မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အနေဖြင့် အဆိုပါ ကောက်ခံငွေများကို မည်သည့် နေရာတွင် သုံးစွဲသည်ကို သိလိုနေကြပြီး ငွေကောက်ခံသူများ အနေဖြင့် ကျောင်းသားကျောင်းသူများကို ပြေပြစ်စွာ ဆက်ဆံရန် ဆန္ဒရှိကြောင်း သတင်းရရှိသည်။


Tomorrow news journal