မဟာသန္တိသုခကျောင်းမှ သံဃာတော်များဖယ်ရှားခြင်းသည် ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီခြင်းဖြစ်ကြောင်း တိုင်းသာသနာရေးညွန်ကြားရေးမှူး ပြောကြား

ပို့စ်တင်ချိန် - 6/12/2014 09:38:00 AM




ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြိုနယ်၊ နတ်ချောင်းရပ်ကွက် အတွင်းရှိ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်း၌
သီတင်းသုံးနေသော သံဃာတော်များကို ယနေ့မနက် ၁နာရီခန့်က ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို
ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းပေါ် ရှိတိုင်းသာသနာရေး ဦးစီးရုံးတွင် ဇွန် ၁၁ နေ့လည် ၁နာရီခန့်က ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃာ့မဟာနာယက ခွင့်ပြုမိန့်ဖြင့် နေထိုင်နေသော ရဟန်းတော်များနှင့်ဝန်ထမ်းများအားခြိမ်းခြောက် ပြောဆို
လာသဖြင့် နောင်တွင်မလိုလားအပ်သော ပြဿနာများမပေါ်ပေါက်စေရန်၊ ကျူးကျော်ဝင်ရောက်နေထိုင် သော ရဟန်းတော်များ၊
လူပုဂ္ဂိုလ်များကို နိုင်ငံတော်သံဃာ့နာယက အမိန်ဖြင့်ဖယ်ရှားခဲ့ရကြောင်း သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
ဦးခိုင်အောင်က စတင်၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သာသနာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းမှ အဆိုပါကျောင်းတည်ဆောက် ရခြင်းနှင့်
ဖြစ်ပေါ်လာပုံတို့ကို ပြောကြားကြားခဲ့သည်။

သံဃာမဟာနာယကအဖွဲ့၏ဆုံးဖြတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်
ဝိနိစ္ဆယဌာနခွဲ ညွန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်မှဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဓမ္မစက်ကို အာဏာစက်နဲ့ကူညီဆောင်ရွက်ပေးရတာပါ၊ဓမ္မစက်ကို ဆရာတော်ကြီးများက ဆုံးဖြတ်ချက်ချပါတယ်
အဲ့ဒီဆုံးဖြတ်ချက်ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ကူညီရပါတယ် ဒါမှလည်း အခြားသော အနှောက်အယှက်တွေဖြစ်လာရင်
အာဏာပိုင်ကကူညီမှသာ ကျွန်တော်တို့သာသနာ ရေရှည်တည်မြဲ မှာပါ ဓမ္မစက်ကို ဓမ္မအတိုင်းထားရင် အဓမ္မဝါဒီကြီးစိုးလာမှာစိုးလို့
မြတ်စွာဘုရားတရားတော်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော် ကပြောသည်။

အခမ်းအနားသို့တက်ရောက်လာသော မရမ်းကုန်းမြို့နယ်ဗိမ္မာန်ကျောင်းမှ ဦးပဉ္ဖင်း ဝရသာမိ က “ဦဇင်းက ဖေ့စ်ဘုတ်သုံးတော့ ညထဲက
သိတယ် ဒါကြောင့် ဒီပွဲကိုတက်ရောက်တာပါ ပွင့်လင်းမြင်သာတဲ့အချိန်ရောက် နေပြီး ညအချိန် မတော်မှ ဘာလို့ဒီလိုလုပ်တာလည်း
အခုဒီရောက်တော့ ရှင်းလင်းပွဲလုပ်တဲ့သူတွေက သံဃာမဟာနာယက ကိုပဲလွဲချနေတာတွေရပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ နီုင်ငံတော်သမ္မတရုံး အကြံပေးတစ်ဦးဖြစ်သူ ဦးအံ့မောင် တက်ရောက်ခဲ့ပြီး မီဒီယာများ၏ ရေးသားပုံများကို
ဝေဖန်ပြောကြားခဲ့သည်။

ချမ်းမင်းဟန်
The Myanma Age