ယူကရိန်းလက်နက်ကိုင် ပဋိပက္ခကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်

ပို့စ်တင်ချိန် - 6/12/2014 09:16:00 AM

ဓာတ်ပုံ - ရိုက်တာ

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဆလာဗီယန့်စ်မြို့မှာ လက်နက်ကိုင်ပဋိပက္ခတွေဟာ လူနေရပ်ကွက်တွေဘက်ကို ပိုပိုပြီး ထိခိုက်လာလို့ မြို့ခံတွေဟာ အကြောက်တရားနဲ့ နေထိုင်နေကြရပါတယ်။

အစိုးရတပ်တွေရဲ့ ၁ ပတ်ကြာ တိုက်ခိုက်မှုတွေ ပြင်းထန်လာအပြီး မြို့စွန်က အဆောက်အဦတွေနဲ့ ကားတွေ မီးလောင်ပျက်စီးကုန်ပါတယ်။
ပစ်ခတ်မှုကြောင့် နေအိမ်တွေထဲက အရပ်သားတွေ သေဆုံးဒဏ်ရာရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆလာဗီယန့်စ်မြို့ရဲ့ ပြောင်းလဲမှုဟာ အရင်လက ရွေးကောက်တင်မြှောက်ခံရသူ အနောက်အုပ်စုတွေ ကျောထောက်နောက်ခံပေးထားတဲ့ သမ္မတ ပတ်ထရို ပိုရိုရှန်ကိုရဲ့ မူဝါဒသစ် ၂ ရပ်ကြောင့်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ရုရှားနဲ့ ပေါင်းစည်ချင်တဲ့ သူပုန်တွေ တပ်စွဲထားတဲ့မြို့တွေကို ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်မှု ဆန့်ကျင်မှု စစ်ဆင်ရေးကို ဆင်နွှဲဖို့ ယူကရိန်းစစ်တပ်ကို သမ္မတက အမိန့်ပေးခဲ့ပါတယ်။

ဒါ့အပြင် ခွဲထွက်ရေးသမားတွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲကနေ အရပ်သားတွေ လွတ်မြောက်ဖို့ ကူညီတဲ့ စင်္ကြန်လမ်း ရွှေ့ပြောင်းမှုတွေကို ဖန်တီးဖို့ကိုလည်း သမ္မတက အမိန့်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆလာဗီယန့်စ်ဒေသခံတွေကတော့ လူအများအပြားက အိမ်တွေကို ထားခဲ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လျှပ်စစ်နဲ့ ရေပြတ်တောက်မှုကြောင့် မြို့ခံ ၃ ပုံ ၁ ပုံကတော့ မြို့ကို စွန့်ခွာသွားပြီလို့ ခန့်မှန်းပါတယ်။

ဆလာဗီယန့်စ်မြို့ကို ဧပြီလကတည်းက မျက်နှာဖုံးစွပ် လက်နက်ကိုင် ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့ဟာ ယူကရိန်းအရှေ့ဘက်က အဓိကဒေသ ၃ ခုရဲ့ လမ်းဆုံမှာ ရှိပြီး ဒွန်ဘတ်စ် ကျောက်မီးသွေးတွင်းဒေသရဲ့ အလယ်မှာ ရှိလို့ ဗျူဟာအရ အချက်အချာကျပြီး တန်ဖိုးရှိတဲ့ မြို့ ဖြစ်ပါတယ်။

DVB Burmese