ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေပွဲတွင် ဂျေလို ပြန်လည်ပါဝင်လာ

ပို့စ်တင်ချိန် - 6/12/2014 07:26:00 AM


အလုပ်ကိစ္စများကြောင့် ဘရာဇီးလ်သို့ သွားရောက်ရန် အဆင်မပြေနိုင်ဟု အကြောင်းပြပြီး အမေရိကန် Popဂီတစတား အဆိုတော်သည် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်နိုင်မည် အစောပိုင်းက FIFAအနေဖြင့် သတင်းထုတ်ပြန်ခဲ့



ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဂျနီဖာလိုပက်ဇ် သီဆိုဖျော်ဖြေနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ပြန်လည်ပြင်ဆင် ကြေညာခဲ့သည်။ အလုပ်ကိစ္စများကြောင့် ဘရာဇီးလ်သို့ သွားရောက်ရန် အဆင်မပြေနိုင်ဟု အကြောင်းပြပြီး အမေရိကန် Popဂီတစတား အဆိုတော်သည် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်နိုင်မည် အစောပိုင်းက FIFAအနေဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း (၂)ရက်အကြာ အင်္ဂါနေ့၊ ညပိုင်းတွင်မူ FIFAက ဆော်ပေါ်လိုမြို့ရှိ ဖွင့်ပွဲအခမ်းအနားသို့ လိုပက်ဇ် တက်ရောက်ပြီး Rapဂီတသမား Pitbull၊ ဘရာဇီးလ် အဆိုတော် ကလော်ဒီယာ လိုင်တေး၊ ဘရာဇီးလ် ဂီတအဖွဲ့ Olodumတို့နှင့်အတူ ပူးပေါင်းကာ We Are One သီချင်းကို ဖျော်ဖြေမည်ဟု FIFAက ပြင်ဆင်ကြေညာခဲ့ခြင်း ဖြစ်သည်။

“FIFAနဲ့ ဒေသဆိုင်ရာ ကော်မတီတွေ အနေနဲ့ ဖွင့်ပွဲမှာ ကြိုတင်စီစဉ်ထားတဲ့ ကြယ်ပွင့်အနုပညာရှင်တွေ အပြည့်အဝ ပြန်လည်ပါဝင်တော့မယ့် သတင်းကို ဝမ်းမြောက်ဝမ်းသာ ကြေညာချင်ပါတယ်။ Pitbull၊ ကလော်ဒီယာ လိုင်တေး၊ ဂျနီဖာလိုပက်ဇ်နဲ့ Olodumတို့ဟာ ဖွင့်ပွဲအခမ်းအနားရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အစိတ်အပိုင်း ဖြစ်လာပါလိမ့်မယ်”ဟု FIFA၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ဆော်ပေါ်လိုရှိ ကိုရင်သီယန်စ် ကွင်းကြီးတွင် ကျင်းပမည့် အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လူပေါင်း(၆၀၀၀၀)ကျော် တက်ရောက်မည်ဟု ယူဆရပြီး ထို့နောက်တွင်မူ ဘရာဇီးလ်နှင့် ခရိုအေးရှားတို့၏ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်မည် ဖြစ်သည်။ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရုပ်မြင်သံကြားမှတစ်ဆင့် စောင့်ကြည့်သူ သန်း(၁၀၀၀)မျှ ရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။

Planet