ဖေ့စ်ဘွတ်ခ်ပေါ်မှာ တို့ဘဝ တို့ကမ္ဘာ

ပို့စ်တင်ချိန် - 6/12/2014 09:22:00 AM



မိတ်ဆွေခင်ဗျား . . .သင်သာ လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ် ဘွတ်ခ် (facebook)အသုံးပြုရ ခြင်းကို နှစ်သက်သဘောကျသူ ဖြစ်သည်ဆိုပါစို့။ ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် အများကြီးပါဝင် ပတ်သက်နေသည်ဟုဆိုလျှင် စာ ဖတ်သူလည်းငြင်းမည်မဟုတ်ဟု ယူဆပါသည်။ ဒီနေ့ ကျွန်တော်တို့ ဘာဟင်းနဲ့ထမင်းစားသလဲ၊ ဘာ သီချင်းနားထောင်သလဲ၊ ဘယ် သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲမှ သည် ကျွန်တော်တို့၏ ဦးနှောက် ထဲကအတွေး၊ ကျွန်တော်တို့၏ နှလုံးသားထဲကဝမ်းနည်းဝမ်းသာ ဒေါသဖြစ်မှု စသည့်ခံစားမှုများ အဆုံး အားလုံးကိုဖေ့စ်ဘွတ်ခ်ပေါ် မှာ ကျွန်တော်တို့ ဒလဟောသွန်ချ ရေးနေကြသည်။ ဖေ့စ်ဘွတ်ခ် သည် ကျွန်တော်တို့ဘဝ၊ ဖေ့စ် ဘွတ်ခ်သည် ကျွန်တော်တို့ကမ္ဘာ။

စာဖတ်သူပြန်စဉ်းစားကြည့် ပါ။ တစ်နေ့လျှင် အကြိမ်ဘယ် လောက်များများ ဖေ့စ်ဘွတ်ခ် အသုံးပြုမိနေပါသလဲ။ ဘတ်စ်ကားမှတ်တိုင်မှာ၊ မီးရထားဘူတာရုံမှာ (သို့မဟုတ်) ကော်ဖီဆိုင်မှာ  ကျွန်တော်တို့တစ်ယောက်တည်း ရှိနေလျှင် အခြားလုပ်စရာထက် ဖေ့စ်ဘွတ်ခ်ကိုဖွင့်ကြည့်ဖို့ပဲ အာရုံသန်နေကြသည်။ ကိုယ့်စာ မျက်နှာ (Wall)ပေါ်မှာ အခြားသူ တွေက ဘာတွေပြောမလဲ၊ ဘာ တွေရေးမလဲ၊ မိမိတင်ထားသည့် စာသား (status)ဓာတ်ပုံတို့နှင့် ပတ်သက်၍ လူဘယ်လောက်က (like)လုပ်ထားမလဲ၊ မှတ်ချက် ပေးမလဲဆိုသည့်သိချင်စိတ်က သင့်ကို အိတ်ကပ်ထဲရှိဖုန်းဆီ လက်ရောက်သွားမိစေသည်ကို သတိထားမိပါသလား။

အခုတော့ တဖြည်းဖြည်းနှင့် ဖေ့စ်ဘွတ်ခ်က တစ်ဦးနှင့်တစ်ဦး လူမှုဆက်ဆံရေးအတွက်ဆိုသည် ထက်ကျော်လွန်ပြီး နိုင်ငံရေးအယူ အဆများ၊ သဘောထားမှတ်ချက် များဖလှယ်ရာ၊ ဆွေးနွေးရာ၊ ငြင်း ခုံရာနေရာတစ်ခုဖြစ်လာပြီ။ သင် မနေ့ညက ဘာဟင်းနှင့်စားခဲ့ သည်။ မည်သည့်တံဆိပ်ဖြင့် ဝီစ ကီကိုသောက်ခဲ့သည်ကို မိတ်ဆွေ များအားပြောပြရုံမျှမကတော့။ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သင်မည်သို့သဘော ထားသလဲဆိုသည်ကိုပါ သိနိုင် သည့်နေရာဖြစ်လာပြီ။ ထို့ပြင် သင်ရေးသည့်သင့်အတွေးစာ သားကိုဖတ်ပြီးနောက် သင်ဘယ် သူလဲဆိုတာကို ဆုံးဖြတ်မည့်သူ တွေရှိနေပြီ။

ဖေ့စ်ဘွတ်ခ်မှာ သင့်စိတ်ထဲ ရှိသည့်အတိုင်းရေး၍မဖြစ်။ သင့် အရေးအသားကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရမည့်သူ တွေရှိသည်။ သူတို့က သင့်ကိုတူး တူးခါးခါးတုံ့ပြန်မည်။ ရှုတ်ချမည်။ထို့ကြောင့် သင်လည်းစိတ်ညစ်ရ လိမ့်မည်။ ကိုယ့်စိတ်ထဲရှိတာ ကိုယ့်ဖေ့စ်ဘွတ်ခ်ပေါ်မှာပြော တာ၊ ရေးတာဘာဖြစ်သလဲဟူ၍ တော့မစဉ်းစားပါနှင့်။ ဖေ့စ်ဘွတ် ခ်မှာစကားကျွံမိသဖြင့် ထိုင်းအလှ မယ်တစ်ဦး သရဖူစွန့်လွှတ်လိုက် ရပါသည်။

သူက လွန်ခဲ့သည့်ရက်သတ္တ ပတ်များအတွင်း ရာထူးမှနုတ် ထွက်ခဲ့ရသည့် ထိုင်းဝန်ကြီးချုပ် ယင်လပ်သက်ဆင်ရှင်နာဝပ်အစိုး ရအားထောက်ခံသူများကို ကွပ် မျက်သင့်သည်ဟု ဖေ့စ်ဘွတ်ခ်မှာ ရေးသောကြောင့် ဖေ့စ်ဘွတ်ခ် ပျော်ထိုင်းနိုင်ငံသားများ၏ဝေဖန် တိုက်ခိုက်မှုကိုခံခဲ့ရသည်။ အဆို ပါပြင်းထန်သည့်မှတ်ချက်များ ကြောင့် အလှမယ်မစ္စဝေလူရီဖိုင် ၏ မိသားစုဝင်များစိတ်ကသိက အောက်ဖြစ်ရသလို ရရှိထားသည့် သရဖူကိုလည်း ခြွင်းချက်မဲ့ပြန် အပ်လိုက်ရသည်။

သတင်းစာဆရာတွေရှေ့မှာ လုပ်သည့် သရဖူပြန်အပ်ပွဲတွင် အလှမယ်မျက်ရည်ကျနေပုံက စိတ်မချမ်းသာစရာပါ။ ထို့အတူ ဖေ့စ်ဘွတ်ခ်မှာသူရေးခဲ့သည့် မှတ်ချက်ကလည်း ယင်လပ်ကို ထောက်ခံသူများအတွက် ဒေါသ ထွက်ဖို့အလွန်ကောင်းသည်။ ပြောသူလည်းမကောင်း၊ အပြော ခံရသူလည်းမကောင်းသည့် ဖေ့စ် ဘွတ်ခ်ပေါ်က အလွမ်းဇာတ်တစ် ခုဖြစ်ပါသည်။ အခုမှ ဖေ့စ်ဘွတ်ခ် ကိုသည်းသည်းလှုပ်အသုံးပြုခွင့်ရ နေသည့် ကျွန်တော်တို့နိုင်ငံမှာကော ဒါမျိုးဇာတ်လမ်းတွေမရှိဘူးလား။

ဟုတ်ကဲ့။ ရှိပါသည်။ ဘာမှ မကြာသေးပါ။ ထိုင်းအလှမယ်နှင့် ရှေ့ဆင့်နောက်ဆင့်ဆိုပါတော့။ အတိအကျပြောရလျှင် ထိုင်းအလှမယ်ထက်ပင် နည်းနည်းစောသေးသည်။ ဇာတ်လမ်း၏ အဓိကဇာတ်ဆောင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်၏ ဇနီးတစ်ယောက်ဖြစ်ပါသည်။ အဆိုပါပြောခွင့်ရပုဂ္ဂိုလ်၏ဇနီးက အတိုက်အခံနိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးပုံဖျက်ပန်းဖျက်လုပ်ထားသည့်ဓာတ်ပုံအတုတစ်ခုကို သူ့ဖေ့စ်ဘွတ်ခ်(wall)ပေါ်မှာ မျှဝေ(Share)ထားခြင်းဖြစ်သည်။

အဆိုပါဓာတ်ပုံကို ဖေ့စ် ဘွတ်ခ်သုံးစွဲသူတွေတွေ့ရှိခဲ့ပြီး နောက် ပြင်းထန်သည့်မှတ်ချက် တွေအမြောက်အမြားတက်လာ ပါသည်။ ပြောရေးဆိုခွင့်ရှိသူက မူ သူ့ဇနီးသည် မျှဝေထားသည့် ဓာတ်ပုံနှင့်ပတ်သက်၍ ဖေ့စ် ဘွတ်ခ်သုံးစွဲသူများကို ပြန်လည် တောင်းပန်ခဲ့သည်။ သို့သော် ဝေ ဖန်မှုတွေကဆက်ရှိနေဆဲ။ ရှုတ်ချ နေဆဲဖြစ်သည်။ ယခုလိုအစိုးရ အဆင့်ပုဂ္ဂိုလ်တစ်ဦး၏ဇနီးသည် က အတိုက်အခံခေါင်းဆောင် အား အသရေဖျက်ထားသည့် ဓာတ်ပုံတစ်ပုံကို မျှဝေခြင်းမှာ နိုင်ငံရေးအရ၊ လူမှုရေးအရ မည် မျှတာသွားသည်ကို ကျွန်တော်တို့ စဉ်းစားကြည့်နိုင်ပါသည်။

ဒါတင်မကသေးပါ။ လွန်ခဲ့ သည့်ရက်အနည်းငယ်က ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးလူထုလက် မှတ်ရေးထိုးပွဲများနှင့်ပတ်သက်၍ လူငယ်အဆိုတော်တစ်ဦးက သူ့ အမြင်သဘောထားကို သူ၏ဖေ့စ် ဘွတ်ခ်ပေါ်မှာ ရေးခဲ့သဖြင့် အတော်လေးပွဲဆူသွားသေးသည်။အဆိုပါအရေးအသားကို ဖေ့စ် ဘွတ်ခ်သုံးစွဲသူအများစုက ဝေဖန် ခဲ့ကြသည်။ ရှင်းလေရှုပ်လေဖြစ်ပုံ ရသည်။ နောက်ဆုံးမှာတော့ သူ့ ဖေ့စ်ဘွတ်ခ်ကို အပြီးတိုင်ပိတ် သွားသည်ကိုတွေ့ရသည်။

အခြားတေးသံရှင်အမျိုးသမီးတစ်ဦး၏အဖြစ်မှာလည်း ထို အတိုင်းပါပဲ။ သူကတော့ နိုင်ငံရေးနှင့် ဘာမှမပတ်သက်။ သူ့အိမ် ထောင်ရေးအခြေအနေကို ဖေ့စ် ဘွတ်ခ်ပေါ်တွင်ရေးပြခြင်းသာ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သုံးသည့် ပရိသတ်ကလည်း မှတ်ချက်အမျိုး မျိုးပေးကြသည်။ အချို့က ကြင် ကြင်နာနာဖေးဖေးမမ၊ အချို့က ရက်စက်သည့်မှတ်ချက်များ။ အဆိုပါအမျိုးသမီးလည်း နောက် ဆုံးတွင် မခံစားနိုင်တော့ဘူးထင် သည်။ ဖေ့စ်ဘွတ်ခ်ကိုအပြီးပိတ် ပစ်လိုက်သည်။

အခုလိုဇာတ်လမ်းမျိုးတွေ ဘာကြောင့်ဖြစ်နေရပါသလဲ။ ကျွန်တော်တို့မှာ နှစ်လရှည်ကြာ လွတ်လပ်စွာပြောဆိုခွင့်ကင်းမဲ့ခဲ့ သည်။ လွတ်လပ်သောကမ္ဘာ၏ နည်းပညာတိုးတက်မှုနှင့် ဝေးကွာ ခဲ့ရသည်။ လွန်ခဲ့သည့်သုံးနှစ် အတွင်းမှာတော့ ပျောက်ဆုံးကင်း ကွာနေသည့် အဆိုပါအခွင့် အလမ်းနှစ်ခုစလုံး အထိုက် အလျောက်ပြန်ရသည်။ အကန့်အသတ်များရှိသေးသော်ငြား ကျွန် တော်တို့လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်လာသည်။ ပြီးတော့လူတိုင်းနီးပါး တယ်လီဖုန်းကိုင်နိုင် သည်။ တယ်လီဖုန်းနှင့်အတူ အင် တာနက်ဆက်သွယ်ရေးပါရသော ကြောင့် ဖေ့စ်ဘွတ်ခ်စသော လူမှု ကွန်ရက်စာမျက်နှာများကို နေရာ မရွေးသုံးစွဲနိုင်သည်။

သို့ဖြင့် နည်းပညာစားပိုးနင့် တွေဖြစ်လာသည်။ လွယ်လင့် တကူသုံးနိုင်ပြီဖြစ်သော ဖေ့စ် ဘွတ်ခ်ပေါ်တွင် လူပေါင်းမြောက် မြားစွာသည် မိမိတို့၏အတွေးနှင့် ခံစားချက်များကို အုံနှင့်ကျင်းနှင့် ပစ်တင်ကြသည်။ ထိုသို့လွတ် လွတ်လပ်လပ်ပစ်တင်နေရခြင်း ကိုလည်း သာယာပျော်မွေ့သည်။ ကျွန်တော်တို့သည် နေမင်းကြီး အောက်တွင်ရှိရှိသမျှအရာအား လုံးနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ် ပေါ်တွင် မဆွေးနွေးဖူးတာမရှိ။ မဝေဖန်တာမရှိ။ မှတ်ချက်မပေး တာမရှိ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းစီးဆင်းမှုကလည်း မြန် သည်။ သတင်းတွေချက်ချင်းသိရ သည်။ သတင်းနှင့်ပတ်သက်၍ မိမိ၏မှတ်ချက်ကိုရေးနိုင်သည်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်အသုံးပြု သည့်ထင်ရှားသူနိုင်ငံရေးသမား၊ အနုပညာရှင်၊ စာရေးဆရာ၊ သတင်းထောက်များနှင့်လည်း အခွင့်သင့်လျှင် စကားပြောနိုင်သည်။ မိမိနှစ်သက်သူ၏ဓာတ်ပုံ ကို (like)လုပ်နိုင်သည်။ ကိုယ့် ထင်မြင်ချက်ကိုမျှဝေနိုင်သည်။

တစ်ချိန်တည်းမှာပင် အလွန်အကျူးဖြစ်တာတွေလည်းရှိသည်။ဖေ့စ်ဘွတ်ခ်ပေါ်မှာကျင်လည်၍ ကိစ္စတိုင်းတွင်မဆီမဆိုင်ဝင်၍ ဆွမ်းကြီးလောင်းသူတွေလည်း မနည်း။ ကိုယ်ဖျောက်ထားသည့် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော် သူများဖန်တီးသည့် ထောင် ချောက်တွေရှိသည်။ နိုင်ငံရေးနှင့် ပတ်သက်၍ မှိုင်းတိုက်ဝါဒဖြန့် တာ၊ စိတ်ဓာတ်စစ်ဆင်တာတွေရှိ သည်။ လူထုထောက်ခံသည့်နိုင်ငံ ရေးသမား၊ ပရဟိတသမားအစရှိ သူများကို တမင်ပုဂ္ဂိုလ်ရေး ထိ ခိုက်စော်ကားတာတွေရှိသည်။ လိင်မှုရေးရာညစ်ညမ်းစာမျက်နှာ တွေရှိသည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ သင်နှင့် အပြင်မှာတွေ့ဖူးသူထက် တစ်ခါ မှမတွေ့ဖူးသူက များပါလိမ့်မည်။ သူတို့နောက်ခံကိုမသိရဘဲနှင့် သင်ဆက်ဆံနေရသည့်အတွက် သာမန်အာလာပသလ္လာပမှလွဲ၍ အခြားအရေးကြီးသည့်ကိစ္စများ ကိုသွားဆွေးနွေးလျှင်မှားမည်။ ယုံလွယ်၍လူရင်းဟုမှတ်လိုက် လျှင် အခြားမမျှော်လင့်နိုင်သည့် နောက်ဆက်တွဲပြဿနာတွေကို ဆွဲခေါ်တာနှင့်အတူတူဖြစ်သည်။ အရေးကြီးဆုံးမှာ ဖေ့စ်ဘွတ်ခ် သည် အတုအယောင်ကမ္ဘာတစ် ခုဖြစ်သည်ကို ကျွန်တော်တို့မမေ့ ရန်လိုပါသည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ(သို့မ ဟုတ်) လက်ဖက်ရည်ဆိုင်မှာ (သို့မဟုတ်) အခြားမည်သည့်နေ ရာမှာပင်ဖြစ်စေ ကျွန်တော်တို့ ပြောသမျှ၊ ကျွန်တော်တို့ရေးသမျှ စကားလုံးတိုင်း၊ ပြောသည့်မှတ် ချက်တိုင်းအတွက် ကျွန်တော်တို့ မှာသာတာဝန်ရှိသည်။ တာဝန်ယူ ရမည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာသင် ရေးလိုက်သည့်စာသား၊ မှတ်ချက်၊မျှဝေသည့် ဓာတ်ပုံအစရှိသမျှ အားလုံးကသင်ဘယ်လိုလူလဲဆို တာကို ညွှန်ပြသည်။ အဆိုပါစာ သား၊ မှတ်ချက်နှင့်ဓာတ်ပုံများ ကြောင့် သင့်ဥပဓိရုပ်ကိုထိခိုက် နိုင်သလို အခြားသူများ၏ဥပဓိရုပ်ကိုလည်း ထိခိုက်သွားနိုင်သည်။

ထို့ကြောင့် သူတစ်ပါးကို ထိခိုက် နစ်နာအောင် ကိုယ်တိုင်လည်း စမပြောနှင့်။ ပြောသည့်သူများကို လည်း မထောက်ခံနှင့်။ ဖေ့စ်ဘွတ်ခ်ကိုကျွန်တော်တို့ ယဉ်ကျေးစွာ အ သုံးပြုကြပါစို့။ ။


ဝင်းဇော်လတ်

7day