အစ္စလာမ္မစ် စစ်သွေးကြွများ လက်အောက် ကျရောက် သွားခဲ့သော အီရတ်နိုင်ငံ၊ မိုဆယ်မြို့မှ ပြည်သူ တစ်သိန်းခွဲခန့် ထွက်ပြေးလာရ

ပို့စ်တင်ချိန် - 6/12/2014 08:22:00 PM



အီရတ်၏ ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သော မိုဆယ်မြို့တွင် အစ္စလာမ္မစ်စစ်သွေးကြွ များက မြို့ကို ထိန်းချုပ် နိုင်ခဲ့ ပြီးနောက် ဒေသခံ ပြည်သူပေါင်း (၁၅၀၀၀၀) ဦး မှာ မြို့မှ ထွက်ပြေးလာကြ ရကြောင်း သိရသည်။

မိုဆယ်မြို့ ကျဆုံးသွား ခြင်းကြောင့် ၀န်ကြီးချုပ် မာလီကီမှာ လွှတ်တော်အား မြို့ရှိရာ နင်နီဗာ ပြည်နယ်တွင် အရေးပေါ် အခြေ အနေ ကြေညာပေးရန် နှင့် ၎င်း အား အခြေအနေကို ကိုင်တွယ်နိုင်ရန် အတွက် အရေးပေါ် လုပ်ပိုင်ခွင့်များ ပိုမို အပ်နှင်း ပေးရန် တောင်းဆို ထားသည်။ အမေရိကန် ပြည်ထောင်စု ကလည်း မြို့ကို သိမ်းပိုက် လိုက်သော အစ္စလာမ္မစ်စ်ဝါဒီ စစ်သွေးကြွများ အဖွဲ့ Islamic State in Iraq and the Levant (ISIS) သည် အီရတ်နိုင်ငံအပြင် အရှေ့ အလယ်ပိုင်းဒေသ တစ်ခုလုံးအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်သည်ကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ဆိုသည်။

စစ်သွေးကြွ အဖွဲ့ ISIS သည် နင်နီဗာ ပြည်နယ်တွင်း အချို့နေရာများကို လပေါင်းများစွာ ထိန်းချုပ်ထား နိုင်ခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ် များအတွင်း ကလည်း အီရတ် မြောက်ပိုင်း နှင့် အနောက်ပိုင်းမြို့များကို တိုက်ခိုက်မှုများ လုပ်ခဲ့ကာ ပြည်သူရာနှင့် ချီ၍ သေဆုံးခဲ့ရပြီး ဖြစ်သည်။ ၎င်း အဖွဲ့သည် ငါးရက်ခန့်ကြာအောင် အသေးစား တိုက်ပွဲများ တိုက်ခဲ့ပြီးနောက် လူဦးရေ (၁ ဒသမ ၈) သန်းခန့် ရှိသော မိုဆယ်မြို့ကို ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။

ISIS အဖွဲ့သည် အီရတ်နှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံ ထဲတွင်လည်း ခြေကုပ်ရယူ ထားပြီး၊ အီရတ်တွင် ရာမန်ဒီမြို့ နှင့် အနီးရှိ ဖာလူဂျာမြို့ များ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ကုန်ပိုင်းမှစ၍ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ် သည်။ ISIS အဖွဲ့ကို ၂၀၁၃ ဧပြီလတွင် စတင် တည်ထောင်ခြင်းဖြစ်ပြီး ၎င်းတို့ တပ်ဖွဲ့ ၀င်ဦးရေမှာ သုံးထောင်မှ ငါးထောင်ခန့် အတွင်း ရှိကြောင်း သိရသည်။

Messenger News Journal