ကမ္ဘာ့အသက်အကြီးဆုံး ဘိုလီးဗီးယား အမျိုးသား ကွယ်လွန်

ပို့စ်တင်ချိန် - 6/12/2014 07:46:00 AM

ဓာတ်ပုံ - ရိုက်တာ

အစီရင်ခံထားတဲ့ အသက်အရ ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၁၂၃ နှစ်အရွယ် ဘိုလီးဗီးယား တိုင်းရင်းသား အမျိုးသားတဦးဟာ တီတီကာကာ အိုင်ကြီးနားက သူ့ရွာမှာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က သေဆုံးခဲ့တယ်လို့ သူရဲ့ တဦးတည်းသော အသက်ရှင်ကျန်ရစ်တဲ့ သားက ပြောပါတယ်။

အိုင်မာရာမျိုးနွယ်စု အင်းဒီးယန်းတိုင်းရင်းသား ကာမဲလို ဖလောရဲ့စ်ဟာ နာတာရှည် မကျန်းမမာ ဖြစ်ပြီး အိပ်ပျော်နေစဉ် သေဆုံးတာလို့ သူ့သားက ဆိုပါတယ်။
ခရစ်ယာန်ရေဖြန်းမင်္ဂလာပွဲလက်မှတ်ကို အခြေခံပြီး အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်သူ ဖလောရဲ့စ်ဟာ ၁၈၉၀ ဇူလိုင် ၁၆ ရက်နေ့ မွေးဖွားသူလို့ ပြထားပါတယ်။

ဒါပေမယ့် ဘိုလီးဗီးယားနိုင်ငံကတော့ တရားဝင်မွေးစာရင်း ထုတ်ပြန်မှုကို ၁၉၄၀မှ စတင် နိုင်ခဲ့တာပါ။

ဒါကြောင့် အာဏာပိုင်တွေက ဖလောရဲ့စ်ရဲ့အသက်ကို အတည်ပြုနိုင်တာ၊ သဘောမတူနိုင်တာတွေ လုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။

ဖလောရဲ့စ်ဟာ ချီနိုကာ သစ်စေ့တွေနဲ့ မြစ်ဘေးက မှိုတွေကို စားပြီး ကိုကာရွက်ကိုလည်း အမြဲတမ်း ၀ါးနေလေ့ ရှိတယ်လို့ ဆိုပါတယ်။

သူဟာ ဘိုလီးဗီးယားနဲ့ ပါရာဂွေး ၂ နိုင်ငံကြားက ချာကိုစစ်ကို ၀င်တိုက်ခဲ့ဖူးပြီး သူ့ဝမ်းရေးအတွက် အမဲလိုက်တယ်လို့ အသက်ရှင်စဉ်က ပြောခဲ့ဖူးပါတယ်။

ဂင်းနစ် ကမ္ဘာ့စံချိန်စာအုပ်အရ ကမ္ဘာ့အသက်အရှည်ဆုံး လူအဖြစ် တရားဝင် စာရင်းသွင်း ခံရသူကတော့ ပြင်သစ်နိုင်ငံသူ ဂျဲနီကောလ်မက်ဖြစ်ပြီး အသက် ၁၂၂ နှစ်အရွယ် ၁၉၉၇ ခုနှစ်က သေဆုံးခဲ့ပါတယ်။

DVB Burmse