ကမ္ဘာ့ဖလားမှာ စက်ရုပ်ရဲသားစတိုင်နဲ့မြင်တွေ့ရမယ့် ဘရာဇီးအထူးတပ်ဖွဲ့ဝင်များ

ပို့စ်တင်ချိန် - 6/12/2014 08:06:00 AM


ဝေဘုန်းလူ

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ စတင်တော့မှာ ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ်သာ ကျင်းပတဲ့ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်းတွေလည်း ဘရာဇီးကိုစုံညီစွာ ရောက်ရှိလာကြပါပြီ။ ထို့အတူ သက်ဆိုင်ရာ
နိုင်ငံအလိုက်ပြိုင်ပွဲဝင် အသင်းတွေရဲ့ပရိသတ်တွေကလည်း ဘရာဇီးနိုင်ငံကို တစ်ဖွဲဖွဲ ၀င်ရာက်နေကြပါတယ်။ အဲဒီမှာ စိုးရိမ်စရာဖြစ်လာတာကတော့ ပရိသတ်တွေရဲ့ လုံခြုံရေး၊ ပြိုင်ပွဲလုံခြုံရေးပါပဲ။ ဒါ့အပြင် ဘရာဇီးနိုင်ငံမှာ လည်း အတောမသတ်နိုင်တဲ့ ဆန္ဒပြမှုတွေက ရှိနေတုန်းပါပဲ။ နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ဒီလိုခမ်းနားတဲ့ ပြိုင်ပွဲမျိုးကို သန်းပေါင်းများစွာ အကုန်အကျခံကျင်းပတဲ့ အစိုးရကို ဘရာဇီးပြည်သူတွေက မကျေမနပ်ဖြစ်နေကြ တာပါ။ ဒါကြောင့် ပြိုင်ပွဲကျင်းပခါနီးအထိ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေသလို ပြိုင်ပွဲကာလအတွင်းမှာလည်း အဓိကရုဏ်းတွေ ဖြစ်နိုင်ခြေရှိနေလို့ အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ဖို့ပြင်ဆင်ထားပါတယ်။
အထင်ရှားဆုံးပြင်ဆင်မှုကတော့ ကမ္ဘာကျော်ရုပ်ရှင်ကားတဲ့က စက်ရုပ်ရဲသားပုံစံ ၀တ်စားဆင်ယင်မယ့် ဘရာဇီးအထူးတပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ အနောက်နိုင်ငံက မီဒီယာတွေကတော့ ရီယိုဒီဂျနေးရိုးမှာ တာဝန် ထမ်းဆောင်မယ့် တပ်ဖွဲ့တွေကို Robocop ဇာတ်ကောင်အမည်နဲ့ဆင်တူ Riobocop လို့ အမည်ပေးထားကြပါ တယ်။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွက်ပါ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ဝင်အရေအတွက်ကတော့ ၂၀၀ ကနေ ၆၀၀ ဦးအထိရှိနေပါပြီ။ သူတို့ဟာ ၂၂ ပေါင် ( ၁၀ ကီလို ) လေးတဲ့ ကာကွယ်ရေးဝတ်စုံကိုဝတ်ဆင်ကြပြီး အဲဒီဝတ်စုံဟာ ၄၂၇ ဒီဂရီစင်တီဂရိတ်အပူချိန်ရှိတဲ့ မီးတောက်ကိုတောင် ခံနိုင်စွမ်းရှိပါတယ်။


ကာကွယ်ရေးဝတ်စုံမှာ ပါဝင်မယ့်ပစ္စည်းတွေကတော့ ခေါင်းဆောင်း၊ ကျော၊ရင်ဘတ်၊ပုခုံးနဲ့ ညှို့သကျည်းကာ၊ ငရုတ်ကောင်းစပရေးကာ မျက်နှာဖုံး၊ ပစ္စတိုတစ်လက်၊ စတင်းဂန်းတစ်လက်၊ အကာအကွယ် လက်အိတ်၊ စစ်သုံးဓါးမြှောင်၊ နံပါတ်တုတ်နဲ့ ကျည်ကတ်တွေ ပါဝင်မှာဖြစ်ပါတယ်။ အဓိကပြိုင်ပွဲရဲတပ်ဖွဲ့ (BPGE) ဟာ စစ်ရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခွဲတစ်ခုလည်းဖြစ်ပြီး ယမန်နှစ် တိုက်ကြီးများဖလားပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ ပြည်သူ့ဆန္ဒပြပွဲတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒီနှစ် ဇန်န၀ါရီမှာ စတင်ဖွဲ့စည်းလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာ့ဖလားအတွက်ပြည်သူ့ဘဏ္ဍာငွေတွေ သုံးစွဲမှုအပေါ် ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြပွဲတွေ အကြိမ်အရေအတွက် ထောင်ဂဏန်းဖြစ်ပေါ်ခဲ့ပြီး ရဲနဲ့ဆန္ဒပြသူအကြား ရုပ်ဆိုးအကျည်းတန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရီယိုဒီဂျနေးရိုးမြို့ဟာ ဇူလိုင် ၁၃ မှာ ကျင်းပမယ့် ဗိုလ်လုပွဲအပါအ၀င် ပွဲစဉ် ၇ ပွဲကို လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဆာအိုပေါ်လိုမြို့မှာ တာဝန်ယူမယ့် ရဲတပ်ဖွဲ့ဝင်တွေလိုပဲ ရီယိုဒီဂျနေးရိုးက ရီယိုဘိုကော့ပ်တွေက လည်း သိုင်းပညာလေ့ကျင့် သင်ကြားထားကြသူတွေပါ။ အကြမ်းဖက်သမားတွေနဲ့ ဘောလုံးဆိုးသွမ်းပရိသတ် တွေရန်က ကာကွယ်ဖို့ အဲဒီတပ်ဖွဲ့ဝင်တွေက ၂၄ နာရီအချိန်ပြည့် ကာကွယ်စောင့်ရှောက်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကလည်း စစ်တပ်အင်အား ၁၅၀၀ နဲ့ပူးပေါင်းကာ လမ်းတွေပေါ်လှည့် လည်ပြီး လုံခြုံရေး တာဝန်ထမ်းဆောင်ဦးမှာပါ။ လုံခြုံရေးဆောင်ရွက်ကြမယ့် တပ်ဖွဲ့ဝင်တွေရဲ့ မျက်မှန်က ထူး ရှယ်လို့ဆိုရမှာပါ။

မျက်မှန်ရဲ့စွမ်းဆောင်ရည်က google glass ထက်တောင်သာပါသေးတယ်။ မျက်မှန်ကိုင်း မှာတပ်ဆင်ထားတဲ့ ကင်မရာက တစ်စက္ကန့်တိုင်း လူ ၄၀၀ ရဲ့မျက်နှာတွေကို ရိုက်ကူးထားနိုင်တာကြောင့် ရဲတွေအနေနဲ့ ဆိုးသွမ်းပရိသတ်တွေကို ရဲအဖွဲ့မှာရှိတဲ့အချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရာ မြို့တွေရဲ့ ကောင်းကင်ယံမှာလည်း ဝေဟင်ကအကြမ်းဖက်တိုက်ခိုက်လာမှုတွေကို ကာကွယ်ဖို့ ဘရာဇီးလေတပ်က တာဝန်ယူမှာဖြစ်ပါတယ်။
ဧည့်သည်တွေကိုလည်း မူးယစ်သောင်းကျန်းတဲ့အပြုအမူတွေ မလုပ်ဖို့နဲ့ ပြန်ပေးဆွဲခံရမယ့် ဘေး အန္တရာယ်ကို သတိပေးထားပါတယ်။ လူဦးရေ သန်း ၂၀၀ ကျော်ရှိတဲ့ ဘရာဇီးနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း ၃၆၀ ဦးသေဆုံးခဲ့တဲ့ လမ်းဘေးမှုခင်းတွေနဲ့အတူ လုယက်မှု ၆၀ ၀၀၀ ကျော်ဖြစ်ပွားထားပါတယ်။

ရည်ညွှန်း telegraph, Dailymail, four four two
Mizzima Sport News