ကချင်နှင့် ရခိုင် ပြည်နယ်တွင် ပြုလုပ်မည့် ပုဒ်မ ၄၃၆ ဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

ပို့စ်တင်ချိန် - 6/12/2014 09:45:00 AM


ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် နိုင်မည် မဟုတ်ကြောင်း ယင်းပါတီ၏ CEC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က The Messenger သတင်းစာသို့ ပြောသည်။

ကျွန်တော်တို့ ပါတီကို တိုင်းရင်းသားတွေ လူမျိုးရေး အရ ထောက်ခံမှု အားနည်းတယ် ဆိုတာ ကျွန်တော်တို့က ဒါကို မပြောလိုပါဘူး။ လူမျိုးရေးအရ ရှိပါတယ်။ တချို့ဆိုရင် လူမျိုးရေး အရ ကျွန်တော်တို့ ပါတီကို အင်တိုက်အား တိုက်ဝင်လာတာမျိုး ရှိပါတယ် ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ၈၈ မျိုးဆက်နှင့် NLD ပါတီတို့ ပူးပေါင်း ဟောပြောပွဲများကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန်(၁၄) ရက်နေ့၊ ဗန်းမော်မြို့တွင်(၁၆)ရက်နေ့၌ကျင်းပ မည်ဖြစ်ကာ ၈၈ မျိုးဆက်ကျောင်းသားများ ထဲမှ နာမည်ကြီးခေါင်းဆောင်များနှင့် NLD ၀ါရင့် နိုင်ငံရေး သမားများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကို မကြာမီ လပိုင်းအတွင်း ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားလုံး တစ်သဘောတည်းလို့ ထင်ပါတယ်။ တိုင်းရင်းသား အားလုံးက လက်ခံကြမှာပါ ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက The Messenger သတင်းစာသို့ ပြောသည်။ ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများ ကိစ္စ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအချို့ ကြောင့် ရခိုင် တိုင်းရင်းသားတချို့ က မကျေ နပ်မှုများ ရှိကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားထားသည်။ KIA နှင့် မြန်မာ့တပ်မတော် အပစ်အခတ် ရပ်စဲရေး ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် တောင်းဆိုမှုများ ရှိနေသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်း၍ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပြည်သူလူထု ဆန္ဒပြု လက်မှတ်များကို မေလ (၂၇) ရက်မှ စတင်ကာ ဇူလိုင်လ (၁၉) ရက်နေ့ အထိ ကောက်ခံနေသည့် အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လည်း နိုင်ငံ အနှံ့ဟောပြောပွဲ များ ဆက်တိုက် ပြုလုပ် လျက်ရှိသည်။


The Messenger's Local News Detail
www.messengernewsjournal.com
messenger news journal