အသက်(၇၀)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီထောက်ပံ့မည်

ပို့စ်တင်ချိန် - 11/12/2013 06:40:00 PM


အသက် (၇၀) နှစ် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးအကူအညီ အထောက်အပံ့ပေးရန်အတွက် အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ပြောကြားသည်။

ထို့အပြင် နှစ်စဉ်တိုးပွားလာသော သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် အမျိုးသားအဆင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း စီမံချက် (မူကြမ်း)ကိုလည်း ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲနေသည်ဟုဆိုသည်။

ဝန်ကြီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားသော အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၆၃ ခု အား ကျပ်သန်း ၁၃၀ ကျော် ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။  သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းလုပ်ငန်းအပြင် ရပ်ရွာအခြေပြု သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့များကို မြို့ နယ် ၁၀ မြို့နယ်မှ ကျေးရွာ ၈၃ ရွာ တွင် ဖွဲ့စည်းထားပြီး ၀င်ငွေရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းမြင့်တင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ထပ်မံပြောကြားသည်။

မန္တလေး၊ စစ်ကိုင်းနှင့် ဧရာတီတိုင်းဒေသကြီးများရှိ ကျေးရွာ  ၅၅ ရွာတွင် သက်ကြီးသူများ အခြေခံ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိပြီး စိုက်ပျိုးရေး၊ အသေးစားစီးပွားရေးပြုလုပ်ရန် ကူညီခြင်း၊ မိုးရေသိုလှောင်ကန် တည်ဆောက်ပေးခြင်းများ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် ပင်စင်လစာနှင့် ဆုကြေးအသုံးစရိတ်စုစုပေါင်း (ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ) ကျပ်သန်းသုံးသိန်းခွဲနီးပါး လျာထားသည်။

7DAY DAILY