ဝန်ကြီးအသုံးစရိတ်များနေတာစိစစ်ဖို့ လွှတ်တော်မှာ တင်ပြ

ပို့စ်တင်ချိန် - 11/12/2013 10:23:00 AM


ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ၀န်ကြီးတွေအတွက် လစာအပြင် အသုံးစရိတ်နဲ့ အဆောင်အယောင်စရိတ်တွေ များနေတာကို နိုင်ငံတော်အစိုးရအနေနဲ့ စိစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ လစာငွေတွေကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေကို ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းထားတာဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ဦးက ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာဝန်ကြီးတွေနဲ့ ပတ်သက်တဲ့ စရိတ်တွေကို စိစစ်သင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အခုလိုဆွေးနွေးခဲ့တာပါ။

“သာမန်အသုံးစရိတ်မှာ အင်မတန်မှ များပြားနေတာ တွေ့ပါတယ်၊ အထူးသဖြင့် ပစ္စည်း၊ လုပ်ခနဲ့ ဆောင်ရွက်မှုကုန်ကျငွေ ဘတ်ဂျက်မှာ ကျနော်တို့ ဖြတ်တောက်ခွင့်မရှိဘူး၊ ဒါတွေဟာ ကျနော်တို့ရဲ့ လွှတ်တော်ကနေပြီးတော့ အကြံပေးတိုက်တွန်းတဲ့အဆိုမျိုးကို လုပ်သင့်ပါတယ်လို့ ကျနော်မြင်ပါတယ်၊ အဲဒီ သာမန်အသုံးစရိတ်နေရာမှာလည်းပဲ နိုင်ငံတော်အစိုးရအနေနဲ့စိစစ်ဖို့ ကျနော်တို့ တိုက်တွန်းသင့်ပါတယ်လို့ အကြံဥာဏ်ပြုပါတယ်”

ပြည်ထောင်စုအစိုးရအဆင့်မှာ ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီး ၉၆ ဦးရှိပြီး ၀န်ကြီးဌာနတွေရဲ့ သာမာန်အသုံးစရိတ်တွေကလည်း များလွန်းနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးလစာကို အရင်က ကျပ်သိန်း ၃၀ အစား အခု ဥပဒေကြမ်းမှာ ကျပ် ၈ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေကို အရင်က ကျပ် ၃ သိန်းကနေ အခု ကျပ် ၆ သိန်းလို့ ဥပဒေကြမ်းမှာ တိုးမြှင့်ပြင်ဆင်ထားပါတယ်။

RFA Burmese