“မိုးစက်ဝိုင်ဖောင်ဒေးရှင်း”ကို အမြန်ဆုံးတည်ထောင်၍ ပရဟိတလုပ်ငန်းများလုပ်ဆောင်မည်

ပို့စ်တင်ချိန် - 11/12/2013 06:06:00 PM


ပန်းမြတ်ဇော်|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

Miss Universe 2013 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်သည် သူမ၏ အမည်ဖြင့် ဖောင်ဒေးရှင်းတည်ထောင်ကာ ပရဟိတလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ် ကြောင်းမိုးစက်ဝိုင်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

မိုးစက်ဝိုင်သည် ရုရှနိုင်ငံမော်စကိုမြို့တွင် နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် Miss Universe 2013 ပြိုင်ပွဲ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“မိုးစက်ရဲ့ဖောင်ဒေးရှင်း ဖွဲ့စည်းဖို့ အခုခွင့်ပြုချက်တင်ထားပါတယ်။ ခွင့်ပြုချက်ရတာနဲ့ အမြန်ဆုံး အကောင်အထည်ဖော်မှာပါ။ ဘယ်အတွက်ရည်ရွယ်ပြီး လုပ်တာမျိုးမဟုတ်ဘဲအမှန်တကယ် လိုအပ်တဲ့ နေရာတွေမှန်သမျှကို လုပ်ကိုင်သွားမှာပါ”ဟု Miss Universe 2013 မိုးစက်ဝိုင်က ပြောသွားခဲ့သည်။

မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် နှစ်ပေါင်း ၅၀ ကျော်မှ ပထမဆုံးဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်သည်။ သို့သော်လည်း မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲ၏ နောက်ဆုံးဆန်ခါတင် ၁၆ ဦးတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သည့်အပြင် ပရိသတ်များမှပေးအပ်သည့် People Choice ဆုကိုလည်း ဆွတ်ခူးနိုင်ခြင်းမရှိ ခဲ့ခြင်းအပေါ် ၎င်းက “၁၆ ယောက်ထဲပါဝင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ မိုးစက်အနေနဲ့က ဒါကိုမတရားဘူးလို့ ပြောလို့မရဘူး။ သူများတောင်မှ ကိုယ့်ထက်အများကြီး ပြင်ဆင်ပြီး ကြိုးစားကြတာတောင် မပါဘူးဆိုတော့ ဒါကိုမတရားဘူးပြောရင် မိုးစက်မတရားဘူးဖြစ်သွား မှာပေါ့။ ဒါပေမဲ့ မိုးစက်အတတ်နိုင်ဆုံး၊ အကောင်းဆုံးလုပ်ခဲ့တယ်။ နောင်တရစရာမရှိဘူး”ဟု ပြောကြား သည်။

မိုးစက်ဝိုင်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ပြည်ပသို့ မြန်မာကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်သည့် အလှမယ်များတွင် ငါးဦးမြောက်အလှမယ်ဖြစ်လာခဲ့သည်။

Mizzima - News in Burmese