ရွှေအက်ဖ်အမ် အမျိုးသမီးပေါ်ပြူလာဆုရှင် အိုင်းရင်းဇင်မာမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပို့စ်တင်ချိန် - 11/12/2013 11:03:00 AM

ရွှေ  FM ဆု ရယူအပြီး ကျေးဇူးတင်စကားပြောကြားနေစဉ်။ (ဓာတ်ပုံ - ဘုန်းနေလ)

ဆန်ခါတင်စာရင်းထဲမှာ ညီမသီချင်းပါတယ်ဆိုတဲ့အခါ ရွှေအက်ဖ်အမ်ဆုကို ဘယ်လောက်အထိ မျှော်လင့်ထားမိလဲ။

အမှန်အတိုင်းပြောရရင် ညီမမျှော်လင့်ပါတယ်။ အပြည့်အ၀ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ မရခင်က တော့စိတ်ထဲမှာ စိုးရိမ်စိတ်ဖြစ်တယ်။ ဆန်ခါတင်စာရင်းထဲမှာပါပေမယ့်လည်း ကြောက်တယ်။ ညီမသီ ချင်းက ကလေးငယ်လေးကနေစပြီး လူကြီးအထိရနေတဲ့သီချင်းတစ်ပုဒ်ဆိုတော့ပြီးတော့ အနုပညာဘက် မှာဆိုလည်း အနုပညာသမားအချင်းချင်း လက်ခံတဲ့သီချင်းဆိုတော့ ဒီဆုကိုအရမ်းမျှော်လင့်ထားခဲ့တယ်။ မျှော်လင့်ထားတဲ့ အတိုင်းထိုက်ထိုက်တန်တန်နဲ့ ရတဲ့ဆုဖြစ်လို့ အရမ်းဝမ်းသာပါတယ်။

အဲဒီမှာ ဆုရရှိတဲ့သီချင်းက “နှလုံးသား အရင်းအနှီး”နော်။ အဲဒီသီချင်းက ညီမအတွက် မှတ်တိုင် တွေစိုက်ထူပေးနေတဲ့သီချင်းလား။

သေချာပါတယ်။ ညီမက အဆိုတော်တွေအစုံပါတဲ့ အခွေခုနစ်ခွေလောက် ပါခဲ့ဖူးတယ်။ ညီမကို ထူးခြား တဲ့အသံပိုင်တယ်လို့ပဲ သိကြတာပါ။ ဒါပေမဲ့ “နှလုံးသားအရင်းအနှီး”သီချင်းနဲ့ကျမှ ညီမကို အိုင်းရင်းဇင် မာမြင့်လို့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့တယ်။ ပရိသတ်အားပေးတဲ့လူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

ဒီသီချင်းမှာ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ဝင်အောင် ဘယ်လိုသီဆိုခဲ့လဲ။

အေးတဲ့သီချင်းတိုင်းက အိုင်းရင်းနဲ့ လိုက်ဖက်သွားတာပဲဖြစ်တာပါ။ အဲဒီခံစားချက်တွေက အိုင်းရင်းရဲ့ ခံစားချက်တွေမဟုတ်တော့ ငှားပြီးလည်းမခံစားတတ်ဘူး။ ဒါပေမဲ့ သီချင်းစာသားတစ်လုံးချင်းစီအတွက် အိုင်းရင်းရဲ့အသံကဂရုဏာသံပေါက်တယ်လို့ ပြောကြတော့သီချင်းနဲ့ တစ်သားတည်းကျသွားတာပါ။

အခုနောက်ပိုင်း သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်ဖို့က ခက်ခဲလာတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။

ပရိသတ်ကြိုက်ဖို့နဲ့ အဆိုတော်ကြိုက်ဖို့က လူလူချင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ဘူး။ အဓိက,ကတော့ ပရိသတ်ကြိုက်ဖို့ဆိုတာ ကိုယ့်အချိန်ရောက်လာဖို့လည်း လိုမယ်လို့ထင်ပါတယ်။ ကိုယ် အောင်မြင်လာဖို့ဆိုတာ ကိုယ့်အချိန်လည်းလိုသေးတယ်။ ကိုယ့်အချိန်ကျရောက်လာရင် အောင်မြင်မှုက ထွက်ပြေးလို့လည်း မလွတ်နိုင်ဘူး။

သီချင်းတစ်ပုဒ် အောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်တွေက ဘယ်လိုအရာတွေလို့ ထင်လဲ။

အဓိက,ကတော့ အဆိုရှင်ရယ်၊ တေးရေးရယ်၊ တီးခတ်ပေးသူ၊ နောက်ဆုံး Mixing ဆွဲတဲ့ဆရာအထိ အကုန်လုံးပေါင်းစပ်ပြီး ကြိုးစားမှသာလျှင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

အိုင်းရင်းရဲ့ အခုအောင်မြင်မှုတွေကို ဆက်လက်တည်တံ့အောင် ဘယ်လိုမျိုး ပြင်ဆင်လုပ်ကိုင် သွားမလဲ။

ညီမဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ပရိသတ်ပေးထားတဲ့နေရာကိုလည်း ပရိသတ်အားပေးရကျိုးနပ်အောင် ညီမဘက်က အစွမ်းကုန်ကြိုးစားမှာပါ။

နောက်ထပ် အနုပညာမှတ်တိုင် စိုက်ထူနိုင်ဖို့ သီချင်းအခွေ စီစဉ်နေတာမျိုးရှိလား။

အခု ဒုတိယတေးစီးရီးအတွက် ပြင်ဆင်နေတယ်။ သီချင်းတွေ စပြီးရွေးနေတယ်၊ အပ်နေတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်နိုင်အောင်တော့ ကြိုးစားနေပါတယ်။

အိုင်းရင်းဇင်မာမြင့်ကို အားပေးနေတဲ့ ပရိသတ်ကို ဘာများပြောချင်တာရှိလဲ။

ညီမရဲ့ ဘယ်သီချင်းကိုပဲအားပေးအားပေး အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ လာမယ့် နေ့ရက် တွေမှာလည်း သီဆိုသွားတဲ့သီချင်းတစ်ပုဒ်စီကိုလည်း အားပေးပါဦး။ တကယ်လို့ လိုအပ်ချက်တွေရှိရင် လည်း နားလည်ခွင့်လွှတ်ပေးပါလို့ ပြောပါရစေ။ ဒုတိယအခွေထွက်ရင်လည်း အားပေးပါဦးလို့ ပြောချင်ပါ တယ်။

Written by  ပန်းမြတ်ဇော်

Mizzima - News in Burmese