ငါးပေကျော်ရှိ သပွတ်သီးများ စိုက်ပျိုးအောင်မြင်နေ

ပို့စ်တင်ချိန် - 11/12/2013 09:56:00 AM


လားရှိုးနိုဝင်ဘာ ၁၁။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ငါးပေ၀န်းကျင်ရှိ သပွတ်သီးများကို စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

“ကျွန်တော် ဒီအသီးကို စမ်းသပ်နေတာကြာပြီ။ မျိုးစေ့ကရွာတစ်ရွာကနေ ရထားတာပါ။ အခုလဲမျိုးစေ့ငါးစေ့ပဲရလို့ပျိုးပြီး စိုက်တာသုံးစေ့ပဲ အောင်တယ်။ ဒီအသီးကနှစ်လသား အသီးပါ ရှစ်လပိုင်းကစိုက်တာ အပင်က တစ်လပဲ စောင့်ရတယ်။ အသီးထွက်လာတယ်။ အသီးက အများကြီး သီးတယ်။ စားလိုကအရမ်းချိုတယ်။ သူကအရှည်ကြီးဆိုပေမယ့် ချက်လိုက်ရင် အရည်ပျော်သွားတယ်။ တစ်လုံးဆို ဟင်းတစ်ခွက်စာပဲ ရတယ်။ အခုဒီအသီးနှစ်လုံးကို မျိုးစေ့အနေနဲ့ ထားထာတာ မျိုးစေ့ရရင် ခြံနဲ့စိုက်တော့မှာ။ စီးပွားဖြစ်စိုက်ဖို့ စိတ်ကူးရှိပါတယ်။ သူကိုကျောက်ခဲစွဲစိုက်ရင် ပိုပြီးရှည်တယ်။ နောက်စင်ထိုးရင် ရှည်လဲ ရှည်ခူးရလွယ်ကူတာပေါ့။ အရှည်ကတချို့ဆို ငါးပေကျော်တောင် ရှိတယ်။ ဒီအသီးက ပုံမှန်သဘွတ်သီးထက် ပိုချိုပါတယ်”ဟု သဘွတ်သီးစိုက်ခြံရှင်က ပြောသည်။

ယင်းအသီးအား စီးပွားဖြစ်စိုက်ပျိုးပြီး တရုတ်ပြည်သို့ပင် တင်ပို့နိုင်ရန် စီစဉ်ထားကြောင်း၊ မိမိအိမ်များတွင်စိုက်ပျိုးထားမည်ဆိုပါက မီးဖိုချောင်စားရိတ် သက်သာစေကြောင်း၊ တပိုင်တနိုင် စီးပွားရေး လုပ်နိုင်ရန် အဆင်ပြေစေရန်အတွက် မျိုးစေ့များကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကိုလားရှိုးမြို့ ရက်ကွပ်(၈)အတွင်းရှိ သဘွတ်သီးစိုက်သူက ဆက်လက်ပြောသည်။

“ကျွန်တော် ဒီကမျိုးစေ့ယူပြီး ပျိုးနေတာ လိုက်ပြီးလေ့လာကြည့်ရ သလောက်ကတော့ မိုးတွင်မှာပျိုးပြီးတော့ စိုက်သင့်တယ် မိုးထိရင် အသီးပိုသီးတယ်။ ဒီဆောင်းတွင်ဆိုရင် အသီးကကြီးမယ်။ အသီးကတော့ နည်းသွားတယ်လို့ပြောတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ မီးဖိုချောင်စားရိတ် သက်သာတယ်ဆိုရင်ကို တော်တော်လေ အိမ်အတွက် အဆင်ပြေတာပေါ့” ဟု ၎င်းအသီးအား စိုက်ပျိုးလိုသူ ဒေသခံတဦးက ပြောသည်။

စိုးမင်းနိင်(လားရှိုး)
The Myanma Age