စက်မှုဝန်ကြီးဌာနမှ ကျပ်နှစ်သိန်းဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်း Myanmar Egress ကြေညာ

ပို့စ်တင်ချိန် - 11/12/2013 11:29:00 AM

တစ်နှစ် ကျပ်သိန်းနှစ်ရာဖြင့် မြန်မာ့အဏ္ဏ၀ါ စွမ်းအားရှင် ဂရုအက်(စ်)ကုမ္ပဏီမှ ငှားရမ်းခွင့် ရထားသည်ဆိုသော ၁၇ ဧက ကျော် ကျယ်ဝန်းသည့် ယခင်အလုံမီးခံ ဘိလပ်မြေပြားစက်ရုံ မြေနေရာဟောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
စက်မှုဝန်ကြီးဌာနမှ ကျပ်နှစ်သိန်းဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်း Myanmar Egress ကြေညာ၊ ပြည်သူပိုင် မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ရောင်းချ၊ ငှားရမ်းထားသည့် တန်ဖိုးများအားလုံးကို အစိုးရက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုလာ
Myanmar Egress အနေဖြင့် စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံ ငါးလုံးကို တစ်လလျှင် ကျပ်နှစ်သိန်းဖြင့် မဟုတ်ဘဲ ကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ကြေညာမှုအရ သိရသည်။
၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် သင်တန်းကျောင်းဘက်မှ တစ်လလျှင် ငွေကျပ် ၁၀ သိန်းသတ်မှတ်၍ ငှားရမ်းခွင့် ပြုခဲ့သော်လည်း ကာလပေါက်ဈေးနှင့် နှိုင်းယှဉ်၍ တစ်လလျှင် ငွေကျပ်သိန်း ၂၀ ဖြင့် တစ်နှစ်စာချုပ် ချုပ်ဆိုငှားရမ်းပြီး အကြီးစား ပြင်ဆင်မှုများကို ၎င်းတို့ဘက်က ပြုလုပ်ခဲ့သည်ဟု Myanmar Egress က ဖော်ပြခဲ့သည်။
စက်မှုပိုင် အဆောက်အအုံများအား Myanmar Egress မှ ငှားရမ်းထားမှုနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ပြန်လည်ဖော်ပြပေးနိုင်ရန် စက်မှုဝန်ကြီးဌာနသို့ လစဉ်ငွေပေးသွင်းထားမှု အထောက်အထားများ၊ စာချုပ်ချုပ်ဆိုထားမှု အချက်အလက် အမှန်များအား ကြည့်ရှုခွင့်ပြုရန် Myanmar Egress သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများသို့ တင်ပြပြီး ပြန်လည်ဆက်သွယ် ပေးမည်ဟု ပြောကြားခဲ့သော်လည်း ၎င်းတို့ထံမှ ပြန်လည်ဆက်သွယ်လာခြင်း မရှိပါ။
ထို့ပြင် နိုဝင်ဘာ ၁၀ ရက်ထုတ် The Daily Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြထားသော စက်မှုဝန်ကြီးဌာနပိုင် အဆောက်အအုံများကို Myanmar Egress မှ ငှားရမ်းထားသော ဈေးနှုန်းမှာ ကွဲပြားမှုများရှိနေကြောင်း သိရသည်။ အဆိုပါ ငှားရမ်းမှု အချက်အလက်များနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၀န်ကြီးဌာန အနေဖြင့် EC ဆုံးဖြတ်ချက်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်း ပြောကြားပြီး EC ဆုံးဖြတ်ချက်ကိုသာ ဖတ်ပြခြင်း၊ မူအရ ငါးနှစ်ငှားရမ်းမည်ဟု သတ်မှတ်သော်လည်း တစ်နှစ်ချင်း အလိုက်သာ ငှားရမ်းခြင်းနှင့် တစ်လကျပ်သိန်း ၂၀ ဖြင့် ငှားရမ်းထားကြောင်း ပြောကြားပြီး The Daily Eleven မှ ရရှိထားသော အချက်အလက်မှာ ၎င်းအနေဖြင့် မည်သို့ရရှိ ထားသည်ကို မသိသော်လည်း စာရင်းပါ အချက်ဖြစ်သော ၂.၄၀၀ သန်းနှင့် ၂၄.၀၀ သန်း သည်လည်း Typing Error ကြောင့်လည်း မှားယွင်းမှု ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
မည်သည့်ဈေးနှုန်း၊ မည်သည့်တန်ဖိုးဖြင့် မည်သူက ရရှိသွားသည် ဆိုသည့်အချက်နှင့် ပုဂ္ဂလိကသို့ ရောင်းချရာတွင် ပုဂ္ဂလိကမှ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များ ပေးသွင်းခြင်း ရှိမရှိကိုလည်း ယခုအစိုးရသစ် လက်ထက်အထိ အများပြည်သူသို့ အသေးစိတ် ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိ...

သို့ဖြစ်ရာ အများပြည်သူနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ၀န်ကြီးဌာနများ အနေဖြင့် ၎င်းတို့ စီမံခန့်ခွဲမှုအောက်တွင်ရှိသော အများပြည်သူပိုင် မြေကွက်အဆောက်အအုံ လုပ်ငန်းနှင့် စီမံကိန်းများကို ပုဂ္ဂလိကသို့ ချထားပေးရာတွင် အများပြည်သူ အတွက် သိသာရှင်းလင်းပြီး အချက်အလက်များ အားလုံးကို တရားဝင် ထုတ်ပြန်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်၏ လုံခြုံရေး ဆက်စပ်သည့် လုပ်ငန်းများအပေါ် အစိုးရ၊ ၀န်ကြီးဌာနများ အနေဖြင့် ဥပဒေအရ လျို့ဝှက် ထိန်းသိမ်းမှုများ ပြုလုပ်သင့်သော်လည်း အများပြည်သူနှင့် သက်ဆိုင်သည့် ပြည်သူပိုင်ပစ္စည်းများ မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်း၊ ရောင်းချ၊ ငှားရမ်းခြင်းမျိုးတွင် တန်ဖိုးနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် စာရင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ အများပြည်သူထံ ချပြရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံတကာတွင်လည်း အများပြည်သူနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ နိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာစွာ ပြုလုပ်လေ့ရှိပြီး ၀န်ကြီးဌာန အသီးသီးတွင်လည်း ၎င်းတို့၏ လုပ်ငန်းများနှင့် ပြည်သူသိသင့်သော အချက်အလက်များကို အွန်လိုင်းမှဖြစ်စေ၊ မီဒီယာများမှဖြစ်စေ ချပြမှုများ ပြုလုပ်လေ့ရှိသည်။
ယခင် ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်စက် ရုံတစ်ရုံအား ကျပ်သိန်း ၉၀ တည်းဖြင့် ရယူသွားမှု ကဲ့သို့သော နိုင်ငံပိုင် ပစ္စည်းများကို နစ်နာသည့် ဈေးဖြင့်ပေးခဲ့မှု (ဇယားပါ ပုဂ္ဂလိက အပြတ်ဝယ်ယူ ရရှိသွားမှုအချို့) များရှိကြောင်း သိရသည်။ ယခုအချိန်တွင်မူ ၀င်းသူဇာ အရောင်းဆိုင်ကဲ့သို့ ဆိုင်ခန်းကျဉ်းများပင် တစ်လလျှင် ကျပ်သိန်း ၆၀ အထိ ငှားရမ်းခ ပေးနေရကြောင်း သိရသည်။
ယခင် အစိုးရလက်ထက်မှ ယခုအစိုးရ သစ်လက်ထက် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံများနှင့် မြေကွက်များ စီမံခန့်ခွဲမှု ကော်မတီတို့မှ ပုဂ္ဂလိကသို့ အပြီးအပြတ် ရောင်းချခဲ့သည့် အများပြည်သူပိုင် မြေကွက်၊ စက်ရုံ၊ လုပ်ငန်း အရေအတွက်မှာ ၂၂၅၇ ခုအထိရှိရာ နိုင်ငံတော် အနေဖြင့် အများပြည်သူ သိသင့်သော အချက်အလက်များကို ရှင်းလင်းစွာ ထုတ်ပြန်ခြင်းမရှိမှုအပေါ် ဝေဖန်မှုများ ရှိနေသည်။


Myanmar Egress ငှားရမ်းမှုနှင့် ပတ်သက်သည့် အချက်အလက်
လုပ်ငန်းအရေအတွက် ၂၂၅၇ ခုကို ရောင်းချရာတွင်လည်း နိုင်ငံတော်အနေဖြင့် ကျပ် ၂၅၈ ဘီလျံကျော်သာ ရရှိခဲ့ပြီး ယနေ့အထိ ရရှိသွားသူအချို့မှ မိမိတို့ရယူထားသည့် မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများအတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့်ငွေများ အကျေပေးသွင်းမှု မရှိခြင်းများကိုလည်း လွှတ်တော်က ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။
၂၂၅၇ ခုကို ဈေးနှုန်းအမျိုးမျိုးဖြင့် ရရှိသွားသူများထဲတွင် ၃၃၁ ခုအတွက်သာ အခွန်ဆောင်ပြီး ရရှိသင့်သည့် အခွန်ငွေကျပ် ၁၀၉၃ ဘီလျံတွင် ကျပ် ၁၄ ဘီလျံကျော်သာ ရရှိခဲ့သည်အထိ နစ်နာခဲ့ရကြောင်း၊ ၂၀၁၂ ခုနှစ် မတ်လကုန်အထိ လွှတ်တော်မှ ထုတ်ပြန်ပေးသော စာရင်းများက ဖော်ပြနေသည်။
ပြည်လမ်းတစ်လျှောက်ရှိ တန်ဖိုးကြီး မြေကွက်ကျယ်များ၊ စက်သုံးဆီဆိုင်များ၊ အချက်အချာကျ နေရာရှိ အဆောက်အအုံများ အပါအ၀င် အများပြည်သူပိုင် ၂၂၅၇ ခုကိုရောင်းချရာတွင် ကျပ် ၂၅၈ ဘီလျံသာ ရရှိသည့်အတွက် မြေကွက်၊ လုပ်ငန်းတစ်ခုလျှင် ကျပ် သိန်း ၁၁၄၀ ကျော်သာ ပြည်သူ့ဘဏ္ဍာအဖြစ် ရရှိခဲ့သည့်သဘော ဖြစ်နေသည်။
ထို့ပြင် ယင်းကဲ့သို့ နိုင်ငံပိုင်ပစ္စည်းများကို လွှဲပြောင်းရောင်းချခြင်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိကအပေါ် ပြင်ပပေါက်ဈေးနှင့် မတန်တဆ ကွာဟချက်များဖြင့် လုပ်ကိုင်ခွင့်ပြုနေ မှုများရှိနေရာ နိုင်ငံနှင့် ပြည်သူအတွက် နစ်နာမှုများစွာရှိပြီး ပြည်သူ့အကျိုးအတွက် ယင်းကဲ့သို့သော ကိစ္စများကို ပြန်လည်ပြုပြင်ရန် လိုအပ်မည် ဖြစ်သည်။
မည်သည့်ဈေးနှုန်း၊ မည်သည့်တန်ဖိုးဖြင့် မည်သူက ရရှိသွားသည် ဆိုသည့်အချက်နှင့် ပုဂ္ဂလိကသို့ ရောင်းချရာတွင် ပုဂ္ဂလိကမှ နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်များ ပေးသွင်းခြင်း ရှိမရှိကိုလည်း ယခုအစိုးရသစ် လက်ထက်အထိ အများပြည်သူသို့ အသေးစိတ် ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိမှုအပေါ် သုံးသပ်ဝေဖန်မှုများ ရှိနေသည်။
၎င်းအပြင် စုဆောင်းရရှိထားသော အချက်အလက်များအရ အလုံမြို့နယ်ရှိ အလုံမီးခံ ဘိလပ်မြေပြားစက်ရုံ မြေနေရာဟောင်းဟု ဆိုသော ၁၇ ဒသမ ၃၆ ဧကကျယ်ဝန်းသည့် မြေကွက်ကို မြန်မာ့အဏ္ဏ၀ါ စွမ်းအားရှင် ဂရုပ်အက် (စ်) ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ် ၂၀၄ သိန်းဖြင့် ၂၀၂၇ ခုနှစ်အထိ BOT နှင့် ငှားရမ်းထားမှု၊ မြေပေါ်ပါသိုလှောင်ရုံ ခြောက်လုံးကို တစ်နှစ် ကျပ် ၄၄ သိန်းကျော် ဖြင့်ငှားရမ်းထားမှု၊ အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဆိပ်ကမ်းမြေ ၂၃ ဒသမ ၂၉ ဧကကိုလည်း တစ်နှစ်လျှင် ငှားရမ်းခကျပ် ၈၂၉ သိန်းကျော်ဖြင့် Mother Industrial ကုမ္ပဏီသို့ ၂၀၂၇ ခုနှစ်အထိ BOT နှင့် နှစ်ရှည်ငှားရမ်းထားမှု ကဲ့သို့သော နိုင်ငံအတွက် ဘဏ္ဍာငွေဆုံးရှုံး နစ်နာမှုများ ရှိနေရာ ယင်းကိစ္စရပ်များအပေါ် ဟုတ်မှန်မှု ရှိမရှိနှင့် မည်ကဲ့သို့ စံနှုန်းများဖြင့် ချထားပေးခြင်း ဖြစ်သည်ကို ထုတ်ပြန်ပေးရန် လိုအပ်သည်။
''Myanmar Egress ကိစ္စက ကျွန်တော်တို့ ရရှိတဲ့ အချက်အလက်အပေါ်မှာ အခြေခံရေးတာပါ။ ကျွန်တော်တို့ရေးတာ မှားတယ်ဆိုရင်လဲ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောလာရင် ပြင်ဆင်ချက် ပြန်ထည့်ပေးရမှာ ကျွန်တော်တို့တာဝန်ပါ။ မှားတယ်လို့ ငြင်းချင်ရင် အထောက်အထားနဲ့ ငြင်းရမှာပါ။ စာချုပ်တွေ အရင်က ငွေသွင်းထားတဲ့ အထောက်အထားတွေ ပြဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ တကယ်တော့ ခုလိုရေးသားခြင်းဟာ မှန်ကန်မျှတမှု ဘယ်လောက်ရှိသလဲ၊ ဘယ်သူတွေ ဘယ်လောက် အခွင့်အရေးတွေ ရနေသလဲ၊ သင့်တော်တဲ့နှုန်းတွေလား၊ မသင့်တော်ဘူးလား။ လူအများအမြင်မှာ မသင့်တော်တဲ့ ဈေးနှုန်းတွေ ဖြစ်နေတာကို တာဝန်ရှိတဲ့သူတွေက ရှင်းလင်းဖို့ပါပဲ။ ကျွန်တော်တို့ရေးတဲ့ နှစ်သိန်း မဟုတ်ဘူး။ သိန်း ၂၀ ဆိုတာတောင် အဲဒီနှုန်းထားက အခုလက်ရှိ ပေါက်ဈေးတွေနဲ့ ဆိုရင်ကို မဖြစ်ထိုက်သေးပါဘူး။ တကယ်တော့ Myanmar Egress ကိစ္စက ငွေပမာဏက အများကြီး မဟုတ်ပါဘူး။ ဒီထက်နစ်နာတဲ့ဟာတွေ ဥပမာပြစရာတွေ ရှိပါတယ်။ ဒီထက်မက ပေါက်ဈေးထက် နည်းတဲ့ဈေးတွေနဲ့ ငှားရမ်းထားတာ၊ ရောင်းချထားတာတွေ ဒါတွေကို တရားဝင်ဖြစ်အောင် ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ဒါတွေကို Media တွေက လေ့လာပြီး မှန်မမှန်ချပြရမယ်။ ကာလပေါက်ဈေးတွေနဲ့ ယှဉ်ပြီး ချပြရမယ်။ Myanmar Egress ကိစ္စကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ ပွင့်လင်းမှု ဘယ်လောက် အရေးပါလဲဆိုတာ သိနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် မီဒီယာတွေက မှားတယ်၊ ကျင့်ဝတ်နဲ့ မညီဘူးဆိုတာတွေ ဖြစ်လာမယ်။ တရားဝင်ထုတ်ပြန် တာတွေမရှိတဲ့ အတွက် အခုလိုဖြစ်ရပ်တွေ ရှိနေတာပါ။ နိုင်ငံရဲ့ အထူးလျို့ဝှက်သင့်တဲ့ လုံခြုံရေးကိစ္စတွေကလွဲလို့ ကျန်တာတွေကိုတော့ ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ အဲဒီအပေါ် လွှတ်တော်ရော၊ အစိုးရရော ပြောရမှာဖြစ်သလို ပြည်သူတွေကလည်း ဝေဖန်လို့ရမှာပါ။ ခုတော့ မြန်မာနိုင်ငံမှာ စာချုပ်ချုပ်ရင် လက်သိပ်ထိုး လုပ်တာတွေများတယ်။ လေလံဆွဲတာတောင် ဘယ်လိုဆိုတဲ့ အချက်အလက် အသေးစိတ် ထုတ်ပြန်တာမရှိဘူး။ ဘယ်သူအောင်သွားတယ် ဆိုတာလောက်ပဲ။ ဘာကြောင့် လေလံအောင်တယ်။ ဘယ်အချက်အလက်နဲ့ ရွေးတယ် ဆိုတာလည်း သေသေချာချာ မထုတ်ပြန်ဘူး။ ဥပမာ ရန်ကုန် လေဆိပ်လေလံ ကိစ္စဆိုရင် ဒါမျိုးတွေကြောင့် နာမည်ပျက်ခဲ့ရတာ။
ကျွန်တော်တို့မှာ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက် နည်းပါးတဲ့အခါ မေးခွန်းတွေနဲ့ပဲ သွားရပါတယ်။ မှန်ကန်ရိုးသားတဲ့ တာဝန်ရှိသူတွေဆိုရင် မီဒီယာတွေက မေးတဲ့ မေးခွန်းတွေကို အသေးစိတ်ဖြေနိုင်ရမှာပါ'' ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
သတင်းအယ်ဒီတာအဖွဲ့

Eleven Media Group