ရန်ကုန်တွင် တစ်နေ့ယာဉ်တိုက်မှု ခုနစ်မှုဖြစ်၊ တစ်နေ့တစ်ဦးနှုန်းသေဆုံး

ပို့စ်တင်ချိန် - 11/12/2013 11:20:00 AM


နန်းမြင့်|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းတွင် ယခုနှစ်အတွင်း တစ်လလျှင် ယာဉ်တိုက်မှု ၂၃၀ ကျော်ရှိပြီး သေဆုံးသူလစဉ် ၃၀ ဦးခန့် ရှိသည်ဟု အမှတ် (၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက နိုဝင်ဘာ ၁၁ ရက်တွင်မဇ္ဈိမ သို့ပြောသည်။

၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ရန်ကုန်တိုင်းတွင် ယာဉ်တိုက် မှုပေါင်း ၂၃၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုများအတွင် သေဆုံးသူ ၃၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃,၅၀၀ နီးပါးရှိခဲ့ရာ “ပျမ်းမျှတစ်လကို ယာဉ်တိုက်မှု ၂၃၀ ကျော်ဖြစ်ပွားတယ်” ဟု ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။

အဆိုပါကိန်းဂဏန်းများကို တွက်ချက်ပါက တစ်ရက်လျှင် ယာဉ်တိုက်မှု ခုနစ်မှုကျော် ဖြစ်ပေါ်လျက်ရှိနေ ပြီး နေ့စဉ်သေဆုံးသူ တစ်ဦးနှုန်းရှိနေခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုသည် ညအချိန်တွင်ဖြစ်ပွားမှုပိုများပြီး လမ်းကျယ်များ၊ လူရှင်းသည့်လမ်းများ၊ မီးအ လင်းရောင် ကောင်းစွာမရသည့် နေရာများတွင် ကားများမဆင်မခြင်နှင့် အရှိန်ပြင်းပြင်းမောင်းနှင်ခြင်းများ ကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှတ်တမ်းများအရ သိရ သည်။

ယာဉ်တိုက်မှုများသည် ရန်ကုန်မြို့အပြင်ဘက်တွင် အဖြစ်များပြီး လှိုင်သာယာ၊ မင်္ဂလာဒုံနှင့်အင်းစိန်ဘက် မှ အဖြစ်များသည်ဟုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။ “လမ်းတွေက ကောင်းလာပြီဖြစ်တဲ့အတွက် အိမ်ကား၊ မိန်းကလေးမောင်းတဲ့ကား၊ ပြိုင်ကားတွေ သတိနဲ့မောင်းသင့်တယ်။ အဓိကက ညအချိန်မှာဆို ပြိုင်ကားတွေ ထိန်းထိန်းသိမ်းသိမ်းမောင်းသင့်တယ်” အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းတွင် အောက်တိုဘာ လတစ်လတည်းတွင် ယာဉ်တိုက်မှု ၂၈၅ မှုတွင်သေဆုံးသူ ၄၆ ဦးနှင့် ဒဏ်ရာရရှိသူ ၄၄၈ ဦးရှိခဲ့သည်။ ယင်းအမှုများတွင် ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်တိုက်မှု ၂၁၄ မှုရှိပြီး သေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁၁ ဦးရှိခဲ့သည်။

ယာဉ်တိုက်မှုဖြစ်၍ လူသေဆုံးလျှင် ပြစ်မှုကျူးလွန်သူသည် ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) အရထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယာဉ်မတော် တဆမှုကြောင့် ပျမ်းမျှသေ ဆုံးသူတစ်နှစ်လျှင် ၁ ဒသမ ၂၄ သန်းရှိပြီး ဒဏ်ရာရရှိသူ သန်း ၂၀ မှ ၅၀ အ ထိရှိသည်။
Mizzima - News in Burmese