စစ်ထောက်ချုပ်ရုံးမှ သိမ်းထားသောမြေနှင့်ပတ်သက်၍ အိုးအိမ်ရှေ့၌ဆန္ဒပြ

ပို့စ်တင်ချိန် - 11/12/2013 07:27:00 PM





ရန်ကုန် နိုဝင်ဘာ ၁၂။

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးမြင့်အောင်က “ တစ်အချက်က သက်ဆိုင်ရာဌာအဆင့်ကို စာတင်တယ်၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တယ်။ အဲ့တာကိုအရေးယူ ဆောင် ရွှက်ခြင်းမရှိလို့ ၊ နှစ်အချက်ကတော့ ကျွန်တော်တို့ နဲ့ ညှိနှိုင်းပွဲတွေ လုပ်တယ်။ ဒါပေမယ့် ညွှန်မှုး တွေညွှန်ချုပ်တွေက အလုပ်မလုပ်လို့ ၊ သုံးအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေး ရေးကော်မတီက တားမြစ်စာ ထုတ်ထားတာကို ဆက်လုပ်တာ ကိုမကျေလို့  ဆန္ဒထုတ်ဖော်တာဖြစ်တယ် ”ဟုဆိုသည်။

သက်ဆိုင်အစိုးရဌာနအနေဖြင့် ပြည်သူများ၏ထိခိုက်နစ်နာမှုများအား ဆောင်ရွှက်ပေးခြင်းမရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒါကိုမှမဆောင် ပေးသေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  လူစည်ကားရာ နေရာဖြစ်တဲ့ ဆူးလေမှာသပိတ်စခန်း ဖွင့်သွားဖို့ ရှိပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ ဆန္ဒပြတာတွေကို လုပ်မှာမဟုတ်ပါဘူး။ ကိုယ်မြန်မာနိုင်ငံဂုဏ်သိက္ခာ ကျမှာစိုးလို့ ပါ”ဟု ဦးမြင့်အောင်က ပြောသည်။

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာသိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များထဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအလုပ်သမားအရေး ဆောင်ရွက် ပေးနေသူ မသက်သက်အောင်၏ မိဘဘိုးဘွားပိုင်မြေများ အသိမ်းခံရသည့်အထဲတွင် ပါရှိကြောင်းလည်း မသက်သက်အောင်ထံမှ သိရသည်။

နှင်းနွယ်
ဓာတ်ပုံ-ထက်နောင်နောင်
The Myanma Age